blank

ကျောင်းသားလူငယ်များ၏ ပညာရေးအတွက် MPT နှင့် NLD ပညာရေးကွန်ရက် တို့ ပူးပေါင်းသည့် “ရှေ့သို့လှမ်းချီဒီဂျစ်တယ် ပညာရေးဆီ” အစီအစဉ်စတင်

Published 17 Aug 2016

ရှေ့သို့လှမ်းချီမြန်မာပြည်ဟူသည့် ဆောင်ပုဒ်နှင့်အညီလိုအပ်ချက်ရှိနေသည့် ကျောင်းသားလူငယ်များ၏ပညာရေးစနစ်တွင်နောက်ကျ မကျန်စေရန်ရည်ရွယ်ပြီးMPT နှင့် NLD ပညာရေးကွန်ရက် တို့ပူးပေါင်းကာလူမှုအကျိုးပြုအစီအစဉ်တစ်ခုကိုစတင်လုပ်ဆောင်လိုက်ပြီဖြစ်သည်။ လက်ပ်တော့ပ်ကွန်ပျူတာများ၊ အင်တာနက်ဆက်သွယ်မှု နှင့် သင်တန်းဆရာများတို့ကိုအထောက်အပံ့ပြုပြီး အခွင့်အလမ်းနည်းပါးသည့် လူငယ်များ၏ အနာဂတ်အောင်မြင်နိုင်ရေးတွင် အရေးပါသည့် ကွန်ပျူတာပညာရပ်ဆိုင်ရာသင်တန်းများကိုလည်း ပို့ချပေးသွားမှာဖြစ်ပါတယ်။

(ရန်ကုန်။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်)– မြန်မာနိုင်ငံ၏ ဦးဆောင်အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)က အခွင့်အလမ်းနည်းပါးသည့် ကျောင်းသားလူငယ်များအတွက် အကျိုးပြု လူမှုရေးလုပ်ငန်းဖြစ်သည့် “ရှေ့သို့လှမ်းချီဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်ကိုစတင်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ အစီအစဉ်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပညာာရေးကွန်ရက်နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိအောင်မြင်စွာဆောင်ရွက်နေသည့် ကွန်ပျူတာပညာရေးအစီအစဉ်ကို တိုးချဲ့ ဆောင်ရွက်ခြင်းဖြစ်ကာ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ပညာဒါနကျောင်း (၁၀)ကျောင်း သို့ လက်ပ်တော့ကွန်ပျူတာအလုံး (၂၀၀ )ကိုလှူဒါန်းသွားမည်ဖြစ်ပါသည်။

နယ်မြို့များ၊ မြို့ပြဆင်ခြေဖုံးဒေသရပ်ကွက်များရှိကျောင်းသားလူငယ်အများစုမှာကွန်ပျူတာနှင့် ပတ်သက်သည့် အခြေခံအသိပညာများကို စာသင်ကျောင်းများတွင် မသင်ကြားခဲ့ရဘဲယင်း၏ နောက်ဆက်တွဲအဖြစ် အလုပ်အကိုင်ကောင်းများရရှိရန် အခွင့်အလမ်းနည်းပါးလေ့ရှိကြသည်။ ဥပမာအနေဖြင့် ယနေ့ခေတ် အလုပ်နေရာအများအပြားအတွက် မဖြစ်မနေတတ်မြောက်ထားရမည့် Microsoft Software Package များကိုနားလည်သိရှိထားရမည် ဖြစ်သော်လည်း သင်ယူတတ်မြောက်ထားခြင်း မရှိသည့်အခါ နည်းပညာနှင့် ပိုမိုယဉ်ပါးနေသည့် သက်တူရွယ်တူလူငယ်များနှင့် ယှဉ်ပါကအလုပ်အကိုင်အခွင့်အလမ်းများ လက်လွှတ်ရမည့် အနေအထားတွင် ရှိနေသည်။

မြန်မာနိုင်ငံသည် အနာဂတ် လူငယ်များထံနည်းပညာနှင့် ပညာရေးအခွင့်အလမ်းများထောက်ပံ့ပေးရန် ရည်ရွယ်သည့် “ရှေ့သို့လှမ်းချီဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်မှာ မြို့ပြနှင့်အလှမ်းဝေးသည့် နေရာဒေသများမှ လူငယ်လူရွယ်များကိုပါ ပညာရေးတွင် နောက်ကျမကျန်ရစ်ခဲ့စေရန် ရည်ရွယ်ပါသည်။

လူငယ်များအနေဖြင့် ကွန်ပျူတာပညာရပ်ကိုသင်ကြားရန်အတွက် ရန်ကုန်ကဲ့သို့မြို့ကြီးများဆီတကူးတက လာရောက်သင်ကြားရန် မလိုအပ်တော့ဘဲMPT နှင့် NLD ပညာရေးကွန်ရက် တို့၏ လူမှုအကျိုးပြုအစီအစဉ်ဖြင့် နည်းပညာနှင့် သင်ခန်းစာပို့ချမှုများသည် ၄င်းတို့ထံ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ကျောင်းသားလူငယ်များအနေဖြင့်ကွန်ပျူတာနှင့် ဆက်စပ်ပညာရပ်များလွယ်လင့်တကူသင်ယူနိုင်ရန် NLD ပညာရေးကွန်ရက်က ‘အမေ့အိမ်’ ပညာဒါနကျောင်းများတွင် Computer သင်တန်းများကိုဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းများကိုလွန်ခဲ့သည့် တစ်နှစ်ကတည်းကစတင်ဖွင့်လှစ်ထားခြင်းဖြစ်ရာကျောင်းသားဦးရေ ၇၅၀ ထက်မနည်း သင်တန်းများ ပြီးမြောက်အောင်မြင်ခဲ့ပြီဖြစ်ပြီး အလုပ်အကိုင်ရှာဖွေနိုင်စွမ်းများလည်း တိုးတက်လာခဲ့ပြီဖြစ်သည်။သို့ရာတွင် အဆိုပါအစီအစဉ်ပိုမိုပြီး အောင်မြင်နိုင်စေရန်နှင့် လူငယ်လူရွယ်များ၏ စွမ်းရည် တိုးတက်လာစေရန်အတွက် ပံ့ပိုးမှုများလည်းလိုအပ်နေပါသည်။

ယခုလို MPT ၏ထောက်ပံ့ကူညီမှုဖြင့် NLD ပညာရေးကွန်ရက် ၏ ယခုအစီအစဉ်မှာအခြားသော နေရာဒေသများဆီသို့ ပိုမိုချဲ့ထွင်နိုင်ပြီဖြစ်ကာကွန်ပျူတာ ကျွမ်းကျင်မှုများကို လူငယ်လူရွယ်များစွာတို့ ပိုမိုပြီးလက်လှမ်းမီ ရရှိနိုင်တော့မည်ဖြစ်သည်။ ထိုအတွက် လက်ပ်တော့ကွန်ပျူတာများသာမကWi-Fi ဆက်သွယ်မှုအတွက် ပစ္စည်းပစ္စယများနှင့်ခြောက်လစာ အင်တာနက်ဒေတာများကိုအဆိုပါ ၁၀ နေရာစလုံးအတွက် ထောက်ပံ့ပေးသွားမည်ဖြစ်ကာ သင်တန်းပို့ချမည့် ဆရာ ၅ ယောက်အတွက် လိုအပ်သည့် ပံ့ပိုးမှုများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း MPT က ယနေ့ကြေညာလိုက်သည်။

“MPT ဟာမြန်မာနိုင်ငံတိုးတက်မှုမှာ တစ်တပ်တစ်အားပါဝင်နေတဲ့အလျောက် အမှန်တကယ်လိုအပ်နေသူတွေ၊ အရင်က အကူအညီမရခဲ့သူတွေဆီကို အတတ်ပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ နည်းလမ်းတွေနဲ့ ပံ့ပိုးပေးခြင်းအားဖြင့် ခေတ်နောက်ကျကျန်ရစ်သူမရှိအောင် ကြိုးစားလျက်ရှိပါတယ်။ MPT မှာ ကျွန်တော်တို့လုပ်ဆောင်နေတဲ့အထဲမှာ နည်းပညာတိုးတက်စေမှု၊ ဆက်သွယ်ရေးနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ အဓိကနေရာကပါဝင်နေပါတယ်။ ဒါကြောင့်မို့လို့ အခုလို NLD ပညာရေးကွန်ရက် နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဒီလူမှုအကျိုးပြု လုပ်ငန်းဟာအဓိပ္ပါယ်ပြည့် စုံနေပါပြီ” ဟု MPT-KSGM ၏ Chief Executive Officer ဖြစ်သူMr.Takashi Nagashima က ပြောကြားပါသည်။

“လက်ပ်တော့ကွန်ပျူတာအလုံး ၂၀၀ နဲ့ အရေးပါတဲ့ Wi-Fiအင်တာနက်ချိတ်ဆက်မှုတွေ၊ ကျွမ်းကျင်မှုရရှိအောင် သင်တန်းပို့ချတာတွေကို တကယ်တမ်းလိုအပ်နေသူတွေဆီ အရောက်ပို့ပေးခြင်းအားဖြင့် မြန်မာလူငယ်လူရွယ်တွေဟာ သူတို့ဒေသကနေခွာစရာမလိုဘဲ မြို့ကြီးပြကြီးက လူငယ်တွေနဲ့ တူညီတဲ့ အခွင့်အရေးတွေ ရရှိခံစားနိုင်ပြီးသူတို့ရဲ့ ဘဝတိုးတက်ဖို့အတွက် အရေးပါတဲ့ခြေလှမ်းကို စလှမ်းနိုင်တော့မှာ ဖြစ်ပါတယ်” ဟု၎င်းက ဆက်လက်ပြောကြားသည်။

အမေ့အိမ် အခမဲ့ ပညာဒါနကျောင်းများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် ၎င်းနေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည့် ၂၀၁၀ ခုနှစ်မှ စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၂၀၁၁ မှ ၂၀၁၅ ခုနှစ်အတွင်းရန်ကုန်တိုင်းအတွင်းအမေ့အိမ် အခမဲ့ ပညာဒါနကျောင်းပေါင်း(၁၀၄) ကျောင်းကိုဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ အခြား ပြည်နယ်နှင့် တိုင်းများတွင်လည်း ပညာဒါနကျောင်း(၁၀၀) ကျော်ကိုဖွင့်လှစ်နိုင်ခဲ့ပြီးစေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမပေါင်း ၂,၀၀၀ ကျော်က မူလတန်းမှ အထက်တန်းထိရှိသည့် ကျောင်းသား ၂၀,၀၀၀ ကျော်ကိုလေ့ကျင့် သင်ကြားပေးလျက်ရှိသည်။

ယခုလိုMPT ၏သင်ထောက်ကူပစ္စည်းများ လှူဒါန်းမှုဖြင့် တစ်နှစ်လျှင်အနည်းဆုံး ကျောင်းသားဦးရေ ၆၀၀ ကျော် ကွန်ပျူတာဆိုင်ရာပညာရပ်များသင်ယူနိုင်မည်ဖြစ်ကြောင်းခန့်မှန်းထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပညာရေးကွန်ရက် မှ ကိုုယ်စားပြုပြောဆိုရာ၌ “ကွန်ပျူတာပညာရပ်ပို့ချမှုတွေနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကိုပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်လာတာကို ဝမ်းသာဂုဏ်ယူမိပါတယ်။ လူငယ်တွေဟာဒီနေ့ ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ပညာရေးကိုသင်ယူရဖို့အတွက် နေရာကောင်းကို ကြိုးစားရှာဖွေနေရတာထက် လိုအပ်နေတဲ့ ကျောင်းသားတွေဆီပညာသင်ကြားစရာ ကျောင်းတွေကို အရောက်ပို့ပေးဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်။ MPT က အခုလို လှူဒါန်းလိုက်တာဟာ ပိုမိုများပြားတဲ့ ကျောင်းသားတွေကို ပိုမိုကောင်းမွန်တဲ့ နည်းစနစ်တွေနဲ့ သင်ကြားနိုင်စေပြီး သူတို့အတွက် ကောင်းမွန်တဲ့ အနာဂတ်တွေကို ပေးအပ်နိုင်စေလိုက်တာပဲ ဖြစ်ပါတယ်။ ဒီအကျိုးအပြုအစီအစဉ်နဲ့ဆို ကျောင်းသားတွေဟာ လိုအပ်တဲ့သင်ခန်းစာတွေ သင်ယူဖို့အတွက်သင်တန်းတွေဆီကိုသွားရောက်နိုင်ရေး ကိုယ့်နေအိမ်၊ မိသားစုနဲ့ ခွဲခွာစရာမလိုတော့ဘဲ သင်တန်းတွေကသူတို့ဆီကို ရောက်လာတော့မှာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

MPT သည် “ရှေ့သို့လှမ်းချီဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်မှတစ်ဆင့် လက်ပ်တော့ကွန်ပျူတာများနှင့် တကွ Wi-Fi အင်တာနက်ချိတ်ဆက်သည့် Routerစက်များနှင့် အင်တာနက်ဒေတာအသုံးပြုခွင့်များကိုပါ ပေးအပ် လှူဒါန်းသွားမည်ဖြစ်သည်။ထို့အပြင် NLD ပညာရေးကွန်ရက်အနေဖြင့် သင်တန်းများကို ဖွင့်လှစ်နိုင်ရေးအတွက် MPT အနေဖြင့်သင်တန်းပို့ချပေးမည့် ဆရာများအတွက် ပံ့ပိုးမှုများကိုပါ ဆက်လက် ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်းစိန်မြို့နယ်၊ တောင်ဒဂုံ ၇၂ ရပ်ကွက်၊ သန်လျင်မြို့နယ်တွင် မြို့မတောင်ရပ်ကွက် နှင့် ဘုရားကုန်ကျေးရွာ၊ လမ်းမတော်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ပုဇွန်တောင် မြို့နယ်၊ ကော့မှူးမြို့နယ်နှင့် သုံးခွမြို့နယ် တို့အပြင်မွန်ပြည်နယ် သထုံမြို့နယ်စသည်တို့ရှိNLD ပညာရေးကွန်ရက်ကျောင်းများသို့ လှူဒါန်းသွားမည်ဖြစ်သည်။

best operator in Myanmar