blank

ရေရှားပါးသည့်ဒေသများအတွက်“သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်” အမည်ဖြင့် ရေတွင်းရေကန် တူးဖော်ပေးရေးအစီအစဉ် MPT မှ စတင်

Published 27 Dec 2016

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် သန့်ရှင်းသော သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရသည့် နိုင်ငံအဝှမ်းရှိ ဒေသများအတွက် ရေရရှိစေရန်ရည်ရွယ်၍ ရေတွင်းရေကန်တူးဖော်ခြင်း စီမံကိန်းများချမှတ်ကာ လှူဒါန်းမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ “သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်” အမည်ဖြင့် လူထုအကျိုးပြုလုပ်ငန်းအတွက် MPT မှ မြန်မာကျပ်ငွေသိန်းပေါင်း ၂,၁၀၀ ကို အသုံးပြုသွားမည်ဖြစ်ပြီး သောက်သုံးရေရှားပါးသော ဒေသများ၏ ရေအခက်အခဲများကို ကူညီဖြေရှင်းသွားမည်ဖြစ်ပါသည်။
အထူးသဖြင့် ခြောက်သွေ့သောရာသီတွင် မြန်မာနိုင်ငံရှိ နေရာအနှံ့အပြား၌ သောက်သုံးရေရှားပါးမှုများ ကြံုတွေ့ရလေ့ရှိပါသည်။ ရေအရင်းအမြစ်ရှိနေသော်လည်း လုံလောက်သော ရေသိုလှောင်ကန်များ သို့မဟုတ် မြေအောက်ရေကို ထုတ်ယူအသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ရသည့်ကိစ္စရပ်များမှာ စျေးနှုန်းမြင့်မားခြင်း နှင့် ကျွမ်းကျင်ပညာရှင် မပါဝင်ဘဲဆောင်ရွက်ရန် ခက်ခဲခြင်းတို့ကြောင့် ရေအလုံအလောက် ရရှိရန်မှာ ခဲယဉ်းနေပါသည်။ သို့ဖြစ်၍ MPT မှ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများ(NGO) နှင့် ပူးပေါင်းကာ “သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်” အမည်ဖြင့် လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်တစ်ရပ်ကို ပြုလုပ်ပြီး ရေရှားပါးသည့် ဒေသများတွင် ရေတွင်းရေကန်တူးဖော်ခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
အဆိုပါအစီအစဉ်ကို Network Activities Group (NAG) ၊ Bridge Asia Japan (BAJ) တို့နှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ပေါင်းစုလုပ်အားအကူအညီပေးရေးအဖွဲ့(NAG)သည် ၂၀၀၈ခုနှစ်တွင် နာဂစ် မုန်တိုင်းဒဏ်သင့် ပြည်သူများဘဝ ပြန်လည်ထူထောင်ရေးကို အခြေပြုလျက် စတင် ပေါက်ဖွားလာသော အစိုးရ မဟုတ်သည့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ပေါင်းစုလုပ်အား အကူအညီပေးရေး အဖွဲ့(NAG) သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၏ လူနေမှုဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် ဒေသခံပြည်သူများအတွက် ပိုမိုကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကောင်း ပေါ်ပေါက်လာရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖြစ်ပေါ်လာရေးအတွက် သက်ဆိုင်ရာဌာနများ၊ အလွှာအသီးသီးရှိ ကဏ္ဍ အလိုက် အကျံုးဝင်ပတ်သက်သူများနှင့် ချိတ်ဆက်ပူးပေါင်း၍ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အာဆီယံဒေသတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဦးဆောင်မှုဆုအား မြန်မာနိုင်ငံမှ ပေါင်းစုလုပ်အား အကူအညီပေးရေးအဖွဲ့မှ ပထမဦးဆုံး အကြိမ်အဖြစ် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ရရှိခဲ့ပါသည်။
NAG ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဘော်ဘီမှ “ရေဆိုတာ နေ့စဉ်ဘဝမှာ လူသားတို့အတွက် မရှိမဖြစ်အရေးကြီးတဲ့ အရာပဲ ဖြစ်ပါတယ်။ ရေရှားပါးတဲ့အချိန်မျိုးဆိုရင် ဘယ်လောက်ခက်ခဲပြီး ပူပင်သောက ရောက်ရတယ် ဆိုတာကို ကျွန်တော်တို့သိပါတယ်။ အထူးသဖြင့် ရေသွားခပ်ရတဲ့ အမျိုးသမီးတွေနဲ့ ကလေး တွေအတွက် ပိုပြီးတော့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ MPT နဲ့ အခုလိုပူးပေါင်းပြီး ရေလိုအပ်နေတဲ့ ဒေသတွေ အတွက် ကူညီပေးခွင့်ရတာ ဝမ်းသာမိပါတယ်။ ဒီအစီအစဉ်ဟာ တကယ့်ကို အဓိပ္ပာယ်အနှစ်သာရနဲ့ ပြည့်စုံပြီး ရေရှည်တည်တံ့တဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်လိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
BAJ သည် မြန်မာနိုင်ငံတွင် ကြံုတွေ့နေရသော ဆင်းရဲမွဲတေမှုနှင့် ခွဲခြားဆက်ဆံမှုတို့ ကဲ့သို့သော ပြဿနာများကို ရင်ဆိုင်ကူညီဖြေရှင်းပေးလျက်ရှိသော ဂျပန်အဖွဲ့အစည်းဖြစ်ပြီး ၎င်းမှ ရာပေါင်းများစွာသော နိုင်ငံတကာအဆင့်မီ ရေတွင်းရေကန်များကို နှစ်ပေါင်းများစွာကပင် တူးဖော်တည်ဆောက်ပေးလျက်ရှိပါသည်။ အဆိုပါလူထုအကျိုးပြုလုပ်ငန်းများနှင့် မြန်မာနိုင်ငံတွင် ရပ်တည်လာခဲ့သည်မှာ ယနေ့ဆိုလျှင် ဆယ်စုနှစ် နှစ်စု ရှိနေပြီဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယုံကြည်စိတ်ချရသည့် ဆက်ဆံရေးတစ်ခုကို ထူထောင််ခဲ့ပြီး ဖြစ်ပါသည်။
“ကုလသမဂ္ဂရဲ့ ၁၇ ခုမြောက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို ၂၀၃၀ ခုနှစ်တွင်အောင်မြင် နိုင်ရန်အတွက် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့လူတွေဟာ လုံ့လ စိုက်ထုတ်ပြီးဆောက်ရွက်နေကြပါတယ်” ဟု Bridge Asia Japan (BAJ) မှ Country Representative ဖြစ်သူ Ms. Akiko Mori ကရှင်းလင်းပြောကြားခဲ့ပါသည်။
“အခုလို ပူပေါင်းဆောင်ရွက်တဲ့ စီမံချက်ဟာဆိုရင်ဖြင့် ကုလသမဂ္ဂ အဖွဲ့ရဲ့ ရည်မှန်းချက် နံပါတ် ၆ ဖြစ်တဲ့ အာလုံးအတွက် ရေသန့် နဲ့ရေဆိုးရေညစ်တွေကို စီမံခန့်ခွဲပြီး အာမခံချက်ရှိရှိ အသုံးပြုနိုင်စေရန်ဆိုတဲ့ အချက်ကို အကောင်အထည်ဖော်တာဘဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ကျွန်မတို့အနေနဲ့ လူဦးရေ ၁,၆၀၀ ကျော်နေထိုင်တဲ့ မကွေးတိုင်းဒေသကြီး ရွာဟောင်းကန်ရွာက စက်ရေတွင်းကတစ်ဆင့် စက်အင်ဂျင်နှင့် ရေရရှိအောင် ဆောင်ရွက်ပြီး ရေလှောင်ကန်များနဲ့ ရေသိုလှောင် ပေးနိုင််ဖို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရဲ့ ”ရွှေကိုမလို ရေကိုသာလိုသည်” ဆိုတဲ့ ဆိုးရိုးစကား နဲ့အညီ ဒေသခံများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာပါ” ဟု ၎င်းကဆက်လက် ပြောကြားခဲ့ပါသည်။
အဆိုပါ လူမှုအကျိုးပြုအစီအစဉ်ကို ဒီဇင်ဘာလ ၂၇ ရက်တွင် စတင်မိတ်ဆက်ခဲ့ပြီး ကနဦးအနေဖြင့် မန္တလေး၊ စစ်ကိုင်း နှင့် မကွေးတိုင်းဒေသကြီးများတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကာ ရေတွင်းများ တူးဖော်ရန်အတွက် လိုအပ်သည့်နေရာများအတွက် ဒေသခံပြည်သူများ၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ NGO အဖွဲ့ များနှင့် ဆွေးနွေးတိုင်ပင်ပြီးဖြစ်ပါသည်။
အဆိုပါအစီအစဉ်နှင့်ပတ်သက်ပြီး MPT-KSGM Joint Operation မှ Chief Operating Officer ဖြစ်သူ Mr Yoshiaki Benino ကလည်း “ရေဟာအသက်ပါပဲ။ ဒီလိုအသက်တမျှ အရေးကြီးလှတဲ့ ရေအရင်းအမြစ်ကိုမြန်မာ နိုင်ငံရှိ ပြည်သူအများအပြားက လိုအပ်နေကြပါတယ်” ဟု ပြောကြားခဲ့ပါသည်။ ဒါကြောင့်“MPT ကနေပြီး နိုင်ငံအနှံအပြားက ရေလိုအပ်နေတဲ့နေရာများကို ကူညီထောက်ပံ့ဖို့အတွက် “သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်” ကိုဆောင်ရွက်ခဲ့တာပါ။ ဒေသခံတာဝန်ရှိသူများ၊ NGO အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ငွေကျပ် သိန်း ၂,၁၀၀ ကို ရင်းနှီးမြှုပ်နှံပြီး ရေလိုအပ်နေတဲ့ နေရာများမှာ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိနိုင်ရန်အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု Mr. Yoshiaki Benino က ဆက်လက်ပြောကြားခဲ့ပါသည်။

MPT ၏ “သန့်ရှင်းပြည့်ဖြိုး ရေအကျိုးအစီအစဉ်” အရ လာမည့်လများတွင် ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး တို့အပါအဝင် တစ်နိုင်ငံလုံးရှိ ရေရှားပါးသည့်ဒေသများကို ရွေးချယ်ပြီး ရေတွင်း ရေကန်များ တူးဖော်ကာ ကူညီမှုပြုရန်အတွက် ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာတို့နှင့် ပူးပေါင်းပြီး လိုအပ်သည့်များကို ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါအစီအစဉ်နှင့်ပတ်သက်သည့် နောက်ဆုံးရ အချက်အလက်များကို MPT ၏ ဝက်ဘ်ဆ်ိုဒ် စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

best operator in Myanmar