blank

MPT မှ “ရှေ့သို့လှမ်းချီ လင်းလက်စေမည်” အစီအစဉ်ဖြင့် ဆိုလာမီးအိမ်များ လှူဒါန်းခြင်း အောင်မြင်စွာပြီးစီး

Published 05 Jul 2016

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် အထောက်အကူပြုစေရန် ရခိုင်ပြည်နယ်၊ ဧရာဝတီ နှင့် တနင်္သာရီ တိုင်းများရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးအိမ် ၇၄၁ လုံးကို ပေးအပ်လှူဒါန်းခဲ့ပြီး ယခုအခါ နိုင်ငံတစ်ဝှမ်းတွင် မီးအိမ်အလုံးပေါင်း ၂၀၀၀ ကျော်လှူဒါန်းခဲပြီး ဖြစ်ပါသည်။

တယ်ချောင်းကျေးရွာ၊ ဧရာဝတီတိုင်းဒေသကြီး၊ ၅ ရက် ဇူလိုင်လ၊ ၂၀၁၆ ခုနှစ် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးအိမ် ၇၄၁ လုံး ပေးအပ်လှူဒါန်းခြင်းအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် တယ်ချောင်းကျေးရွာရှိ ဘုန်တော်ကြီးသင် ပညာရေး အလယ်တန်းကျောင်း၌ အခမ်းအနားတစ်ရပ်ကို အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့သည်။ MPT မှပြုလုပ်သည့် အဆိုပါ လှူဒါန်းမှုမှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ လျှပ်စစ်မီးမရရှိသေးသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၆၀၀ ကျော်မှ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားရာ၌ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဆိုလာမီးအိမ်များ လှူဒါန်းတပ်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီိတိုင်းဒေသကြီးတွင်ရှိသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကိုယ်စား အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသော ဆရာတော် အရှင် ရေဝတာလင်္ကာရ ကလည်း တယ်ချောင်းကျေးရွာတွင်ပြုလုပ်သည့် ပွဲတွင် ယခုလို ဆိုလာမီးအိမ်များလှူဒါန်းခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးကို များစွာအထောက်အကူ ပြုနိုင်စေမည်ဖြစ်သဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပါသည်။ “အရင်ကဆိုရင် စာသင်ခန်းတွေမှာ အလင်းအားနည်းလို့ ကျောင်းသားတွေက စာကြည့်ဖို့ ဖယောင်းတိုင်းမီးကိုပဲ အားကိုးကြရတယ်။ အထူးသဖြင့် မိုးရာသီမှာ စာကြည့်ရတာ ခက်ခဲပါတယ်။ ခုတော့ ဒီဆိုလာမီးအိမ်တွေရဲ့ အကူအညီနဲ့ စာကောင်းကောင်း ကြည့်နိုင်ပြီဖြစ်လို့ သူတို့လေးတွေရဲ့ အနာဂတ်က ပိုမိုတောက်ပလာမှာပါ။ ဒါ့ကြောင့် ကျောင်းသားတွေ အတွက်ရော ဆရာတွေအတွက်ပါ အကျိုးရှိတဲ့ ဒီလိုလှူဒါန်းမှုမျိုးကို ကြိုဆိုပါတယ်၊ ကျေးဇူးလဲတင်ပါတယ်” ဟု ယင်းအခမ်းအနား၌ မိန့် ကြားခဲ့သည်။

အဆိုပါ လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် MPT-KSGM Joint Operation မှ လုပ်ငန်းအမှုဆောင်ချုပ် Mr. Yoshiaki Benino ကလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပညာရေးဆိုင်ရာ လှုပ်ရှားမှုတစ်ရပ်မှာ နိုင်ငံတစ်ဝှမ်းတွင် လှည့်လည်ပြုလုပ်ခဲ့ပြီး ယခုအခါ ဧရာဝတီတိုင်းဒေသကြီးတွင် အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့မှုအပေါ် သူ၏ စိတ်အားထက်သန်မှုကို ဤသို့ ပြောကြားသွားခဲ့ပါသည်။ “မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေ ပညာသင်ယူမှု အဆင့်အတန်း မြှင့်တင်ရေးအတွက် ကျွန်တော်တို့ ဒီနှစ် အစောပိုင်းတည်းက ကြိုးစားခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာဆိုရင် စာသင်ခန်းရာပေါင်းများစွာမှာ ဆိုလာမီးအိမ်တွေ တပ်ဆင်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ MPT ရဲ့ ရပ်ရွာလူထုများနဲ့ အပြုသဘောဆောင်တဲ့ ဆက်သွယ်မှုမျိုး ဖြစ်ပြီးတော့ ပညာရေးလို နယ်ပယ်တွေမှာ အကျိုးထူးတွေရရှိစေနိုင်မှာပဲ ဖြစ်ပါတယ်။ ဆိုလာမီးအိမ်တွေကြောင့် ပိုမိုလင်းလက်လာတဲ့ စာသင်ခန်းတွေက ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေးမှာ အလျင်အမြန် အထောက်အကူပြုပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”

MPT ၏ “ရှေ့သို့လှမ်းချီ လင်းလက်စေမည်” လူမှုရေးလှုပ်ရှားမှုဖြင့် ဤနှစ်အတွင်း နိုင်ငံတစ်ဝှမ်းမှ ကျောင်းပေါင်း ၆၃၂ ကျောင်းတွင် ဆိုလာမီးအိမ် ၂၀၀၀ ကျော် တပ်ဆင်ကာ မီးလင်းစေခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၅၈၀၀၀ ခန့်၏ စာသင်ကြားရေးတွင် အထောက်အကူပြုခဲ့သည့် လှူဒါန်းမှုအစုစုတို့သည် ယခုအခါ ပုသိမ်မှ ၅ နာရီအကြာ မောင်းနှင်းရသည့် တယ်ချောင်းကျေးရွာငယ်လေးတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီဖြစ်သည်။ နောက်ဆုံးအဆင့်အနေနှင့် ယခုလတွင် ဧရာဝတီ၊ ရခိုင်နှင့် တနင်္သာရီတိုင်းဒေသကြီးများရှိ လျှပ်စစ်မီး မရရှိသေးသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၂၁၇ ကျောင်းတွင် ဆိုလာမီးအိမ်ပေါင်း ၇၄၁ ခု ထပ်မံလှူဒါန်းတပ်ဆင်ပေးခဲ့သည်။ ဤလှုပ်ရှားမှု အောင်မြင်စွာဖြစ်ပေါ်လာစေရန် ပံ့ပိုးကူညီသူများထဲတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သော MPT ၏ ဖုန်းနံပါတ်အလှလေလံရောင်းချပွဲတွင် ပါဝင်ခဲ့သည့် MPT သုံးစွဲသူမိဘပြည်သူများပါဝင်ပြီး အဆိုပါပွဲမှ ရန်ပုံငွေအတွက် ကျပ်ငွေသန်းပေါင်း ၂၉၂.၇ သန်း ရရှိခဲ့သည်။

ဆိုလာမီးအိမ်များမှာ Panasonic အမျိုးအစားဖြစ်သည့် “Eneloop Solar Storage” များဖြစ်သည်။ ဆိုလာမီးအိမ်ကို ဆိုလာပြားများ၊ ဘထ္ထရီများ၊ LED မီးလုံးများဖြင့် ဖွဲ့စည်းပြုလုပ်ထားပြီး နေ့ပိုင်းတွင် နေရောင်ခြည်ဖြင့် အားသွင်းထားပါက ညဘက်တွင်ဖြစ်စေ၊ မိုးအုံ့ခြင်း၊ မိုးရွာနေခြင်းတို့ကြောင့် အလင်းအားနည်းသည့်အချိန်တွင်ဖြစ်စေ ၆ နာရီမှ ၈ နာရီအကြာ အသုံးပြုနိုင်မည်ဖြစ်သည်။ ၅ နာရီကြာ တစ်ကြိမ် အားသွင်းရုံဖြင့် ၂၄ နာရီ ခန့်အထိ အသုံးပြုနိုင်မည် ဖြစ်သည်။ မီးအိမ်သက်တမ်းအားဖြင့် ၅ နှစ်ကြာ အသုံးပြုနိုင်မည် ဖြစ်သည်။ ဘထ္ထရီများကို လဲလှယ်အသုံးပြုနိုင်ပြီး ထိန်းသိမ်းစရိတ်လုံးဝမရှိသည့်အတွက် ငွေကုန်ကြေးကျ သက်သာမည် ဖြစ်သည်။ ထို့အပြင် USB ကြိုးမှတစ်ဆင့် မိုဘိုင်းဖုန်းများကိုလည်း အားဖြည့်သွင်းနိုင်မည်ဖြစ်သဖြင့် ဒေသခံအချင်းချင်း ဆက်သွယ်ရေးကို ပိုမိုအားကောင်းလာစေမည့် အစီအစဉ်လည်း ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ ရပ်ရွာလူထုများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဆောင်ရွက်လျက်ရှိသည့် လှုပ်ရှားမှုသတင်းများကို အသေးစိတ်သိရှိလိုပါကhttps://www.mpt.com.mm/en/whats-new/csr-activities/ တွင် ဝင်ရောက်လေ့လာနိုင်မည် ဖြစ်သည်။

best operator in Myanmar