×

MPT မှ 4G ဝန်ဆောင်မှုကို သတ်မှတ်ထားသောနေရာများတွင် စတင်အသုံးပြုနိုင်ပြီ

24 Oct 2016

လာမည့်နှစ်တွင် MPT မှ တရားဝင်မိတ်ဆက်သွားမည့် 4G ၀န်ဆောင်မှုမတိုင်မီ မြန်နှုန်းမြင့် 4G အင်တာနက်ကို သတ်မှတ်ထားသောနေရာများတွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း MPT မှ မိတ်ဆက်။

(ရန်ကုန်၊ အောက်တိုဘာလ ၁၄ ရက်၊ ၂၀၁၆ ခုနှစ်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT ၏ မြန်နှုန်းမြင့် 4G ၀န်ဆောင်မှုကို သတ်မှတ်ထားနေရာများတွင် ယနေ့မှစ၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်းနှင့် ၂၀၁၇ ခုနှစ် အစောပိုင်းတွင် အော်ပရေတာများအတွက် အသင့်တော်ဆုံး ဖြစ်သည့် Spectrum လှိုင်းနှုန်းစဉ်ကို အစိုးရမှ ခွင့်ပြုချက် ချပေးချိန်တွင် MPT အနေဖြင့် 4G ဝန်ဆောင်မှုအတွက် အသုံးပြုသွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန်မြို့လယ်ရှိ MPT ၏ ဆူူးလေ Branded Store တွင် MPT မှ လက်ရှိ 2.1GHz Spectrum လှိုင်းစဉ်ဖြင့်ပင် မြန်ဆန်ကောင်းမွန်လှသည့် 4G ၀န်ဆောင်မှုကို မိတ်ဆက်ခဲ့ခြင်းနှင့်အတူ ယခုအချိန်မှစ၍ အဆိုပါ Sule Branded Store နှင့် ရန်ကုန်မြို့၏ သတ်မှတ်ထားသောနေရာများတွင် MPT သုံးစွဲသူများအနေဖြင့့် မြန်ဆန်သော အင်တာနက်လုပ်ဆောင်ချက်များကို အပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် Data အသုံးပြုခများကိုလည်း လက်ရှိနှုန်းထားဖြင့်ပင် ဆက်လက်ကောက်ခံသွားမည် ဖြစ်သည်။
MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က 4G ၀န်ဆောင်မှုမိတ်ဆက်ခြင်းနှင့် စပ်လျဉ်း၍ “အစိုးရက ၂၀၁၇ မှာ 1.8GHz ရှိတဲ့ Spectrum လှိုင်းနှုန်းစဉ်ကို ထုတ်ပြန်လိုက်ပြီဆိုတာနဲ့တစ်ပြိုင်နက် အဲဒီလှိုင်းနှုန်းစဉ်ကိုအသုံးပြုပြီးတော့ ကြီးမားကျယ်ပြန့်တဲ့ 4G ကွန်ရက်ကို တည်ဆောက်သွားဖို့ အရင်ကတည်းက ကျွန်တော်တို့စောင့်ကြိုနေခဲ့တာပါ။ 4G ၀န်ဆောင်မှုကို အကြိုမိတ်ဆက်တဲ့အနေနဲ့ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေအတွက် သတ်မှတ်ထားသောနေရာများမှာ လက်ရှိ Spectrum နဲ့ပဲ မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှုတွေကို စတင်သုံးစွဲလို့ရအောင် လုပ်ဆောင်ပေး နိုင်ခဲ့ပါတယ်။ ပြီးတော့ MPT ဟာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ နည်းပညာအားဖြင့် အဆင်သင့် ဖြစ်နေပြီဆိုတာကိုလည်း လက်တွေ့ပြသနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
“1.8GHz ဟာ အင်မတန်မှကောင်းမွန်တဲ့ 4G ၀န်ဆောင်မှုဖြစ်တဲ့အတွက် MPT သုံးစွဲသူများ ပိုမိုမြန်ဆန်တဲ့ကွန်ရက်ကို အသုံးပြုနိုင်မယ့် အခွင့်အလမ်းကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ 1.8GHz ကို အသုံးပြုပြီးတော့ မြန်ဆန်ကောင်းမွန်တဲ့ အမြန်နှုန်းဖြင့် အဆောက်အဦထဲမှာတင်ပဲ တည်ငြိမ်တဲ့ ကွန်ရက်ပေါ်ကနေ အကျယ်ပြန့်ဆုံး ပေးစွမ်းသွားနိုင်တော့မှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
MPT-KSGM သည် ဂျပန်မှရင်းနှီးမြှုပ်နှံသူများနှင့် အကျိူးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာကုမ္ပဏီ တစ်ခု ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Tateshi Higuchi ကိုယ်တိုင် အဆိုပါ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ပြီး MPT ၏ 4G ၀န်ဆောင်မှု မိတ်ဆက်နိုင်ခဲ့ခြင်းအပေါ်ချီးကျူး ထောပနာပြုခဲ့သည်။
သုံးစွဲသူများအနေဖြင့် MPT အမှတ်တံဆိပ် ဆိုင်များဖြစ်ကြသည့် ဆူးလေ Branded Store တွင်သာမက ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများဖြစ်ကြသည့် Junction Maw Tin၊ Junction Square နှင့် Taw Win Centre ၊ နေပြည်တော်ရှိ စျေးဝယ်စင်တာများဖြစ်ကြသည့် Junction Center နှင့် Capital Hyper Market တို့တွင် 4G ဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင်လည်း 4G ၀န်ဆောင်မှုကို ရရှိနိုင်မည်ဖြစ်သည်။
ဖော်ပြပါနေရာများတွင်ရှိသည့် 4G ဝန်ဆောင်မှုကို အသုံပြုနိုင်ရန်အတွက် ဆွေသဟာအစီအစဉ်ကို ရယူထား ရမည်ဖြစ်ကာ 4G အသုံးပြုနိုင်သည့်လက်ကိုင်ဖုန်းနှင့် ဆင်းကတ်လည်း ရှိရမည်ဖြစ်ပါသည်။ 4G အသုံးပြု၍ မရသည့် ယခင်ဆင်းကတ်များကို ကိုင်ဆောင်ထားသူများအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ MPT Branded Store ဆိုင်များတွင် လက်ရှိနံပါတ်အတိုင်း အခမဲ့လဲလှယ် ရရှိနိုင်မည်ဖြစ်ပါသည်။