
MPT က နှလုံးသားထဲကမြန်မာ “နိုင်ငံအဝှမ်းစုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှု” ကို မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့ကြီးများတွင် ကျင်းပပြုလုပ်ခဲ့
(ရန်ကုန်၊ ၂၈ မတ်လ ၂၀၁၈) – လွန်ခဲ့သောရက်သတ္တပတ် စနေ့နေ့(မတ်လ ၂၄ ရက်)က မြန်မာ့ဦးဆောင်ဆက်သွယ်ရေး လုပ်ငန်းဖြစ်သော MPTက “နှလုံးသားထဲက မြန်မာ” အမည်ရှိ နိုင်ငံအဝှမ်းစုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုကို နိုင်ငံ တစ်ဝှမ်းရှိ မြို့ကြီးများတွင်ရှိသော နေရာဒေသ ၁၈ ခုတွင် တစ်ပြိုင်တည်း ကျင်းပခဲ့ပါသည်။ နိုင်ငံအတွင်းရှိ အများပြည်သူတို့ နေထိုင်သွားလာကြသည့် ဒေသများသန့်ရှင်းလှပစေရေး ရည်ရွယ်ချက်ဖြင့် မတ်လ ၂၄ရက်နေ့ နံနက် ရနာရီမှ စတင်ကာ MPT မှတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ နိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထင်ရှားသည့် အမှတ်အသားနေရာများ၊ အများပြည်သူတို့ သွားလာရာ အထင်ကရနေရာများ နှင့် စေတီပုထိုးများတွင် အမှိုက်ကင်းစင်ရေးအတွက် အတူတကွ ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြပါ သည်။
စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုကို အောက်ဖော်ပြပါ နေရာများတွင် ဆောင်ရွက်ခဲ့ကြပါသည်။
စဉ် | တိုင်းနှင့်ပြည်နယ်များ | မြို့နယ် | သတ်မှတ်နေရာများ |
၁။ | ရန်ကုန် | ဒဂုံ | ရွှေတိဂုံစေတီတော်နှင့် ရန်ကုန်ဆေးရုံကြီး သန့်ရှင်းရေး |
၂။ | မန္တလေး | ညောင်ဦး | ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ |
၃။ | နေပြည်တော် | ဇဗ္ဗူသီရိ | သပြေကုန်းစျေး |
၄။ | စစ်ကိုင်း | မုံရွာ | ရွှေတောင်ဦးဘုရား |
၅။ | မကွေး | မကွေး | ကမ်းနားလမ်းတစ်လျှောက် |
၆။ | ဧရာဝတီ | ပုသိမ် | ချောင်းသာကမ်းခြေ |
၇။ | ပဲခူး (အရှေ့) | ပဲခူး | ပဲခူးဆေးရုံကြီးအနီးပတ်ဝန်းကျင် |
၈။ | ပဲခူး (အနောက်) | ပြည် | ရွှေဆံတော်ဘုရားတစ်ဝိုက် |
၉။ | တနင်္သာရီတိုင်း | ထားဝယ် | လောကမာရဇိန်ဘုရားကြီးဝင်း |
၁၀။ | ကချင်ပြည်နယ် | မြစ်ကြီးနား | ဧရာဝတီမြစ်ကမ်းနားလမ်းတစ်လျှောက် |
၁၁။ | ကယားပြည်နယ် | လွိုင်ကော် | သီရိမင်္ဂလာတောင်ကွဲစေတီ |
၁၂။ | ကရင်ပြည်နယ် | ဘားအံ | ဆေးရုံပတ်ဝန်းကျင် ကန်သာယာ၊ ကန်ပတ်လမ်း |
၁၃။ | ချင်းပြည်နယ် | ဟားခါး | နာရီစင်နှင့်ဇီးအုန် ဘုရားကျောင်း |
၁၄။ | မွန်ပြည်နယ် | မော်လမြိုင် | စျေးကြိုမီးပွိုင့်မှ ကျိုက္ခမီလမ်းအတိုင်း (မုဒုံဘက်သို့)၊ စျေးကြိုမီးပွိုင့်မှ ကုန်းလမ်းပို့ဆောင်ရေး (RTC) ရုံးဝင်းဘက်သို့၊ ကျိုက္ခမီလမ်းမှ တက္ကသိုလ်ပတ်လမ်း |
၁၅။ | ရခိုင်ပြည်နယ် | စစ်တွေ | စစ်တွေကမ်းနား (စစ်တွေ ပွိုင့်) |
၁၆။ | ရှမ်းပြည်နယ် (အရှေ့) | ကျိုင်းတုံ | သစ်တစ်ပင်ကုန်း |
၁၇။ | ရှမ်းပြည်နယ် (တောင်) | တောင်ကြီး | စူဠာမဏိဘုရားမှ မြို့ပတ်လမ်းနှင့် ဗိုလ်ချုပ်လမ်း |
၁၈။ | ရှမ်းပြည်နယ် (မြောက်) | လားရှိုး | မြို့မစျေးပတ်ဝန်းကျင် |
MPT-KSGM Joint Operations ၏ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino က “နိုင်ငံအနှံ့ အဓိက မြို့ကြီး ၁၈ မြို့မှာ ကျွန်တော်တို့ MPT ဝန်ထမ်းတွေအားလုံး အတူတကွ သန့်ရှင်းရေးဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အရမ်းဂုဏ်ယူ မိပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဆက်သွယ်ရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ MPT အနေနဲ့ တစ်နိုင်ငံလုံး တစ်ပြိုင်နက် ကျင်းပခဲ့တဲ့ ဒီလှုပ်ရှားမှုကြီးမှာ ဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး အင်အား ၆,၀၀၀ ကျော် ပါဝင် ဆောင်ရွက် နိုင်ခဲ့ပါတယ်။
နိုင်ငံတစ်ဝှမ်းလုံးမှာရှိနေကြတဲ့ MPTရဲ့ သုံးစွဲသူတွေအနေနဲ့ MPT ဟာ မြန်မာ့လူမှု ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွက် ကောင်းမွန်တဲ့ဆောင်ရွက်မှုတွေကို အဘက်ဘက်ကနေ သယ်ဆောင်လာပေးနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာတစ်ခု ဖြစ်တယ်ဆိုတာ ပိုမိုနားလည်လာနိုင်ကြမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါ့အပြင် တစ်ပြည်လုံးအတိုင်းအတာ ကျင်းပပြုလုပ်တဲ့ စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုမှာ MPT ရဲ့ ဝန်ထမ်းတွေအားလုံးက မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုမျိုးအလေးဂရုထားပြီး ထက်သန်တဲ့ စိတ်ခွန်အားတွေနဲ့ ဆောင်ရွက်ပေးခဲ့တယ်ဆိုတာကို သိရှိနိုင်မယ့်အပြင် ဒီလိုဆောင်ရွက်မှုတွေ အားလုံးကလည်း နှလုံးသားထဲကမြန်မာ ဆိုတဲ့အတိုင်း ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲကနေ အားထုတ်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။” ဟု ပြောကြားသည်။
“မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ အများပြည်သူပိုင်နေရာတွေတိုင်းကို သန့်ရှင်းခေတ်မီ စေဖို့အတွက် ပြည်သူလူထု အားလုံးက အတူပူးပေါင်းပါဝင် လှုပ်ရှားသွားကြဖို့ ကျွန်တော်တို့အနေနဲ့ တိုက်တွန်း နှိုးဆော်ချင်ပါတယ်။ အခုလိုနေရာအနှံ့အပြားမှာ ကျင်းပနိုင်ခဲ့ခြင်းက ပြည်သူလူထုရဲ့ နှလုံးသားထဲမှာ အမြဲအမှတ်တရအဖြစ်နဲ့ အနီးကပ် ဆက်လက်တည်ရှိနေဦးမှာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေနဲ့ ဒေသခံလူထုတွေ အပါအဝင် လူထောင်ပေါင်းများစွာ စိတ်အားထက်သန်စွာနဲ့ ပါဝင်ခဲ့တဲ့ အခုလို လှုပ်ရှားမှုကတစ်ဆင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးနဲ့ သန့်ရှင်းစေရေးဟာ လူတိုင်းလိုက်နာကျင့်သုံးရမယ့် အရာတွေဖြစ်တာကို အပြုသဘောဆောင်တဲ့ အပြောင်းအလဲတစ်ခု အဖြစ် မှတ်ထင်ကျန်နေမယ်လို့ ကျွန်တာ်တို့ အနေနဲ့ မျှော်လင့်ပါတယ်” ဟု Mr. Yoshiaki Benino က ထပ်လောင်း ပြောကြားသည်။
နှလုံးသားထဲကမြန်မာ နိုင်ငံတစ်ဝှမ်း စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှု၏ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ အသေးစိတ်သိရှိ လိုပါက Facebook Event Page ဖြစ်သည့် http://bit.ly/MyanmarInOurHeartCleanupCampaign နှင့် MPT ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော https://www.facebook.com/mptofficialpage/ တွင် ဝင်ရောက်လေ့လာ နိုင်ပါ သည်။