Yu_Htar_Data_1400x430

MPT က သုံးစွဲသူများအတွက် ဒေတာလက်ကျန် မရှိတော့သည့် အချိန်တွင် 2 GB အထိ ချေးယူအသုံးပြုနိုင်မည့် “Yu Htar DATA” ဝန်ဆောင်မှုကို စတင်မိတ်ဆက်

Published 28 Sep 2023

MPT သုံးစွဲသူများအနေဖြင့် မမျှော်လင့်ဘဲ ဒေတာလက်ကျန် လျော့နည်းနေချိန်တွင် ဒေတာပက်ကေ့ချ်များကို အဆင်ပြေစွာ ချေးယူသုံးစွဲနိုင်မည့်  “Yu Htar DATA” ဝန်ဆောင်မှု အသစ်ကို MPT က စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ယခုဝန်ဆောင်မှုမှတစ်ဆင့် သုံးစွဲသူများ အနေဖြင့် မိမိတို့ ချိတ်ဆက်သုံးစွဲနေသည့် အွန်လိုင်းဝန်ဆောင်မှု ပြတ်တောက်မှုမရှိဘဲ အဆင်ပြေချောမွေ့စွာ ဆက်လက်သုံးစွဲ နိုင်သည့် အတွေ့အကြုံကောင်းတစ်ခုကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။  MPT သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ သတ်မှတ်ထားသော ဒေတာပက်ကေ့ချ်၏ ချေးငွေချေးယူနိုင်သော ပမာဏပေါ်မူတည်၍ 350 MB မှစ၍ အများဆုံး 2,160 MB (2GB) အထိ ချေးယူနိုင်မည်ဖြစ်ပါသည်။ ချေးယူထားသော ဒေတာပက်ကေ့ချ် ကျသင့်ငွေ နှင့် ဝန်ဆောင်ခအား သုံးစွဲသူများ၏ ဖုန်းဘေလ်လက်ကျန်ငွေအပေါ် မူတည်၍ နောက်တစ်ကြိမ် ငွေဖြည့်သွင်းရာတွင် အပြည့်အဝ (သို့မဟုတ်)တစ်စိတ်တစ်ပိုင်း ဖြတ်တောက်သွားမည်ဖြစ်ပါသည်။ သုံးစွဲသူများသည် ယခင်ယူထားသော ချေးငွေကိုပေးချေပြီးမှသာ “Yu Htar DATA” ဝန်ဆောင်မှုကို နောက်တစ်ကြိမ် ထပ်မံအသုံးပြုနိုင်မည်ဖြစ်ပါသည်။ “Yu Htar DATA” ဝန်ဆောင်မှုမှ ချေးယူထားသည့် ဒေတာပက်ကေ့ချ်၏ သက်တမ်းမှာ ရက် (၃၀) ဖြစ်ပါသည်။

MPT GSM/WCDMA prepaid သုံးစွဲသူများအားလုံးသည် *900# သို့ခေါ်ဆို၍သော်လည်းကောင်း၊ 9000 သို့ SMS ပေးပို့၍ သော်လည်းကောင်း၊ MPT4U အက်ပလီကေးရှင်းမှ တစ်ဆင့်လည်း “Yu Htar DATA” ဝန်ဆောင်မှုကို ရယူသုံးစွဲနိုင်မည်ဖြစ်ပါသည်။ ချေးယူထားသောဒေတာပက်ကေ့ချ်ကို ဒေတာဝန်ဆောင်မှု အားလုံးတွင် အသုံးပြုနိုင်ပါသည်။

သုံးစွဲသူများသည် ၎င်းတို့၏ သတ်မှတ်ထားသော ဒေတာပက်ကေ့ချ်ချေးငွေချေးယူနိုင်သည့်ပမာဏပေါ်မူတည်၍ အောက်တွင်ဖော်ပြထားသော ဒေတာပမာဏများကို ချေးယူနိုင်ပါသည်။

ချေးယူနိုင်သောဒေတာပမာဏသက်တမ်းဒေတာပက်ကျသင့်ငွေ၀န်ဆောင်ခစုစုပေါင်းကျသင့်ငွေ
၁၇၅ MB၃၀ ရက်၇၉၉ ကျပ်၈၀ ကျပ်၈၇၉ ကျပ်
၂၆၃ MB၃၀ ရက်၉၉၉ ကျပ်၁၂၅ ကျပ်၁၁၂၄ ကျပ်
၅၀၀ MB၃၀ ရက်၁၈၉၉ ကျပ်၂၈၅ ကျပ်၂၁၈၄ ကျပ်
၇၁၀ MB၃၀ ရက်၂၆၉၉ ကျပ်၄၀၅ ကျပ်၃၁၀၄ ကျပ်
၁၀၂၄ MB၃၀ ရက်၃,၈၈၉ ကျပ်၅၈၃ ကျပ်၄၄၇၂ ကျပ်
၂၀၄၈ MB၃၀ ရက်၇၅၇၉ ကျပ်၁၁၃၇ ကျပ်၈၇၁၆ ကျပ်

MPT-KSGM JO စီးပွားရေးဌာနကြီး ၏  အရာရှိချုပ်ဖြစ်သူ Mr. Tetsunori NAGASHIMA က “ဆက်သွယ်ချိတ်ဆက် နိုင်မှုဆိုတာဟာ အများပြည်သူတွေကို မိမိတို့ရဲ့အရေးကြီးဆုံးအရာတွေနဲ့ ချိတ်ဆက်ပေးနိုင်တဲ့ အသက် သွေးကြောတစ်ခုမို့ ဝန်ဆောင်မှုတစ်ခုဆိုတာထက် ပိုတယ်လို့ ကျွန်တော်တို့ အနေနဲ့ ယုံကြည်ပါတယ်။ တီထွင်ဆန်းသစ်မှု၊ သုံးစွဲသူစိတ်ကျေနပ်မှု နဲ့ စိတ်ချယုံကြည်ရတဲ့ ကွန်ရက်ချိတ်ဆက်မှုတွေကို ဖြည့်ဆည်းပေးခြင်း ဆိုတဲ့ MPT ရဲ့ ကတိကဝတ်ကို  ကျွန်တော်တို့ရဲ့ “Yu Htar DATA” ဝန်ဆောင်မှုကိုမိတ်ဆက်ခြင်းနဲ့အတူ  ထပ်မံ အတည်ပြုလိုက်ပါတယ်။  နိုင်ငံတစ်ဝန်းက သန်းပေါင်းများစွာသော သုံးစွဲသူတွေအတွက် စိတ်ချယုံကြည်ရတဲ့ မိတ်ဖက်အဖြစ် ထူးခြားကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေနဲ့အတူ အတွေ့အကြုံကောင်းတွေကို ပေးစွမ်းနိုင်တဲ့ အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဟာ မမျှော်လင့်ထားဘဲ ဒေတာကုန်ဆုံးသွားချိန်မှာတောင် အခက်အခဲမရှိ ဆက်လက်ချိတ်ဆက် ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

MPT သုံးစွဲသူများအနေဖြင့် ဒေတာပက်ကေ့ချ်ချေးငွေကို အကြိမ်ပေါင်းများစွာရယူနိုင်ပါသည်။ သုံးစွဲသူတစ်ဦး တစ်ယောက်ချင်းစီက ရယူနိုင်သည့် သတ်မှတ်ထားသော ဒေတာပက်ကေ့ချ်ချေးငွေပမာဏသည် MPT ဖုန်းဘေလ် ဖြည့်သွင်းသောပမာဏ နှင့် ဖြည့်သွင်းသည့် အကြိမ်အရေအတွက်ပေါ် မူတည်၍ သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် “Yu Htar DATA” ဝန်ဆောင်မှုအတွက် ၎င်းတို့၏ သတ်မှတ်ထားသော ဒေတာပက်ကေ့ချ် ချေးငွေပမာဏကို MPT4U အက်ပ်လီကေးရှင်းမှတစ်ဆင့် သိရှိနိုင်ပါသည်။

Yu Htar DATA” ဝန်ဆောင်မှုမှ ဒေတာပက်ကေ့ချ်ကို ချေးယူနိုင်ရန်အတွက် အောက်ပါစည်းမျဥ်းစည်းကမ်းများနှင့် ကိုက်ညီရန်လိုအပ်မည်ဖြစ်ပါသည်။

(၁) MPT ၏ prepaid သုံးစွဲသူများသာ ဤဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်ပါမည်။

(၂) MPT ဆင်းမ်ကတ် အသုံးပြုသည့်ရက်မှာ ရက်(၃၀)အထက် ရှိရပါမည်။

(၃) ရက်(၉၀) အတွင်း ဖုန်းဘေလ် အနည်းဆုံး တစ်ကြိမ် ဖြည့်ထားရပါမည်။

(၄) ရက်(၉၀) အတွင်း ဖုန်းဘေလ် အနည်းဆုံး(၃၀၀၀)ကျပ် ဖြည့်သွင်းထားသူဖြစ်ရပါမည်။

(၅) သင်ချေးယူနိုင်သော ပမာဏကို MPT ဖုန်းဘေလ်ဖြည့်သွင်းသော ပမာဏနှင့် ဖြည့်သွင်းသည့် အကြိမ်အရေ အတွက် ပေါ်မူတည်၍ တွက်ချက်သတ်မှတ်ပါမည်။

MPT အနေဖြင့် သုံးစွဲသူများကို “Yu Htar DATA” ဝန်ဆောင်မှုအသစ်ကို မိတ်ဆက်လိုက်သည့်အပြင် လက်ရှိဝန်ဆောင်မှုဖြစ်သော *800# ကိုခေါ်ဆို၍ MPT ထံမှ လက်ကျန်ငွေချေးယူနိုင်သည့် “ယူထား+” ဝန်ဆောင်မှုကိုလည်း ဆက်လက်အသုံးပြုနိုင်ပါသည်။ “ယူထား+” ဝန်ဆောင်မှုတွင် သုံးစွဲသူများသည် ၎င်းတို့၏ ချေးငွေရယူနိုင်သည့် ပမာဏပေါ်မူတည်၍ ၈၀၀ ကျပ် မှ ၄၅၀၀ ကျပ်အထိ ချေးယူနိုင်ပါသည်။ “ယူထား+” ဝန်ဆောင်မှုမှ ရရှိထားသော ချေးငွေကို ကန့်သတ်ထားသော VAS ဝန်ဆောင်မှုများမှလွဲ၍ အခြား MPT ၀န်ဆောင်မှုများအားလုံးအတွက် အသုံးပြုနိုင်ပါသည်။

Yu Htar DATA” ဝန်ဆောင်မှုအကြောင်းကို အသေးစိတ်သိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက် ဖြစ်သော www.mpt.com.mm  သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆို မေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar