
MPT ၏ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝှမ်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်
(ရန်ကုန်၊ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်) မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPTက ဒုတိယအကြိမ်အဖြစ် ၎င်း၏ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝှမ်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုအစီအစဉ်ကို သြဂုတ်လ ၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ နေရာပေါင်း ၁၈ ခုတွင် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ MPT ဝန်ထမ်းများနှင့် စေတနာဝန်ထမ်းများစုစုပေါင်း ၆,၀၀၀ ခန့်နှင့် သစ်ပင်ပေါင်း ၁၀,၀၀၀ ခန့်ကို စိုက်ပျိုးသွားရန်အတွက် စိတ်အားထက်သန်လျက် ရှိကြသည်။
“စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝှမ်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအတွက် ပထမအကြိမ် လှုပ်ရှားမှုကို ၂၀၁၇ ခုနှစ် သြဂုတ်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး မြတ်နိဗ္ဗာန်သစ်ပင်စိုက်ပျိုးလှူဒါန်းရေးအဖွဲ့နှင့် ပူးပေါင်းကာ MPT ဝန်ထမ်းများ၊ အများပြည်သူစေတနာဝန်ထမ်းများ၏ အကူအညီဖြင့် ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် သစ်ပင်ပေါင်း ၂,၀၀၀ ကျော်ကို စိုက်ပျိုးခဲ့သည်။ ယခုနှစ်လှုပ်ရှားမှုအတွက် သစ်တောဦးစီးဌာနမှလည်း စိုက်ပျိုးရန်လိုအပ်သည့် ပျိုးပင်အမျိုးအစားအစုံကို ပံ့ပိုးပေးထားပါသည်။
တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ဦးတည်ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့နိုင်မည့် ကြိုးပမ်းအားထုတ်မှုများမှ တစ်ဆင့် စိမ်းလန်းစိုပြေသော ပတ်ဝန်းကျင်ကောင်း ဖြစ်ထွန်းလာစေရေးမှာလည်း လူထုအတွက် အလွန်အရေးပါကြောင်း MPT က လက်ခံယုံကြည်ထားပါသည်။ သစ်တော၊ သစ်ပင်များမှာ ကျေးလက်အတွက် သာမက မြို့ပြလူနေမှုများအတွက်လည်း အရေးပါပြီး ယခုသစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်မှတစ်ဆင့် သဘာဝဘေးအန္တရာယ်နှင့် ကာဗွန်ထုတ်လွှတ်မှုနှုန်းများ လျှော့ချရေးအပါအဝင် သစ်ပင်စိုက်ပျိုးခြင်းဖြင့် မိမိတို့၏ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက် ပေးနိုင်မည် ဖြစ်ကြောင်းကို ပြည်သူများအကြား အသိပညာဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်ပါသည်။ MPT အနေနှင့် မြန်မာ့လူမှုပတ်ဝန်းကျင်အတွက် အရေးကြီးသည့်အခန်းကဏ္ဍဆိုင်ရာကိစ္စများ၊ စီးပွားရေး၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့် အခန်းကဏ္ဍများရှိ လိုအပ်ချက်များအပေါ် အလေးအနက်ဦးတည် ဖြည့်စွမ်းလျက်ရှိပြီး ၎င်းတို့နှင့်စပ်လျဉ်း၍ “သန့်ရှင်းခေတ်မီ ရှေ့သို့ချီ” နိုင်ငံတစ်ဝှမ်း စုပေါင်း သန့်ရှင်းရေးလှုပ်ရှားမှုနှင့် “စုပေါင်းသွေးလှူဒါန်းခြင်း” အစီအစဉ်များကိုလည်း ပြည်သူများနှင့်အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်လျက်ရှိပါသည်။
MPT-KSGM Joint Operations ၏ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino က “ကျွန်တော်တို့ MPT က မြန်မာနိုင်ငံတစ်ဝှမ်းလုံးက ပြည်သူတွေကို ကျန်းမာကြံ့ခိုင်ပြီး စိမ်းစိုလှပတဲ့ ကမ္ဘာမြေကြီးပေါ်မှာ အမြဲ ရှင်သန်နေထိုင်သွားနိုင်စေဖို့အတွက် “နှလုံးသားထဲက မြန်မာ” ဆိုတဲ့ ဆောင်ပုဒ် အတိုင်း ဆောင်ရွက်ပေးသွားဖို့ ဆန္ဒရှိနေပါတယ်။ မြို့ပြလူနေမှုကြောင့် မြင့်တက်လာတဲ့အပူချိန်တွေ လျော့ချနိုင်ဖို့နဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ မသန့်စင်တဲ့လေထုကို သန့်စင်ပေးနိုင်ဖို့ဆိုတဲ့ လိုအပ်ချက် အတွက် သစ်ပင်တွေက အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့် အခုနှစ်အတွက် ကျွန်တော်တို့ဆောင်ရွက်သွားမယ့် လူမှုအကျိုးပြုလုပ်ငန်းတွေထဲက တစ်ခုအဖြစ် နိုင်ငံနဲ့အဝှမ်းမှာ ထောင်နဲ့ချီတဲ့ သစ်ပင်တွေကို စိုက်ပျိုးသွားတော့မှာ ဖြစ်ပါတယ်။” ဟု ပြောကြားသည်။
သြဂုတ်လ ၄ ရက်နေ့တွင် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်ဆောင်ရွက်မည့် နေရာများမှာ
အောက်ပါအတိုင်း ဖြစ်ပါသည်။
စဉ် | တိုင်းနှင့် ပြည်နယ်များ |
မြို့နယ် | စိုက်ပျိုးရန်လျာထားနေရာ |
၁။ | ရန်ကုန် | လှည်းကူး | ဓမ္မရံသီ၊ မိုးကုတ်ဝိပဿနာ၊ အမြန်လမ်းအဝင် ၁မိုင်၊ ၁ဖာလုံ |
၂။ | မန္တလေး | ပုသိမ်ကြီး | နည်းပညာတက္ကသိုလ်(မန္တလေး) |
၃။ | နေပြည်တော် | တပ်ကုန်း | တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက် |
၄။ | စစ်ကိုင်း | မုံရွာ | စီးပွားရေးတက္ကသိုလ်(မုံရွာ) |
၅။ | မကွေး | မကွေး | ပညာရေးကောလိပ် (မကွေး) |
၆။ | ဧရာဝတီ | ပုသိမ် | လောကရန်အောင်ဖောင်တော်ဦး(ရေကြည်ဦးဘုရား)ရှေ့ လမ်းဘေးဝဲယာ |
၇။ | ပဲခူး (အရှေ့) | ပဲခူး | မဟာကြီးဘုရားဝင်း |
၈။ | ပဲခူး (အနောက်) | ပြည် | နဝဒေးတံတားအဆင်း၊ နဝဒေးနယ်မြေ |
၉။ | တနင်္သာရီ | ထားဝယ် | ထားဝယ်တက္ကသိုလ် |
၁၀။ | ကချင် ပြည်နယ် | မြစ်ကြီးနား | ကွန်ပျူတာတက္ကသိုလ်+ စက်မှုလက်မှုအထက်တန်းကျောင်း |
၁၁။ | ကယားပြည်နယ် | လွိုင်ကော် | နည်းပညာတက္ကသိုလ်(လွိုင်ကော်) |
၁၂။ | ကရင်ပြည်နယ် | ဘားအံ | တောက်ကလေးကျေးရွာအနီး |
၁၃။ | ချင်းပြည်နယ် | ဟားခါး | အော်တိုရပ်ကွက် |
၁၄။ | မွန်ပြည်နယ် | မော်လမြိုင် | မော်လမြိုင်မြို့၊နောင်ခရီကျေးရွာ၊ မြောက်ခရွန်းရပ်ကွက် |
၁၅။ | ရခိုင်ပြည်နယ် | စစ်တွေ | စစ်တွေတက္ကသိုလ် |
၁၆။ | ရှမ်း (အရှေ့) | ကျိုင်းတုံ | ကွန်ပျူတာတက္ကသိုလ် |
၁၇။ | ရှမ်း (တောင်) | တောင်ကြီး | တောင်ကြီးတက္ကသိုလ် |
၁၈။ | ရှမ်း (မြောက်) | လားရှိုး | ကွန်ပြူတာ တက္ကသိုလ် (ပြီးစီး) |
စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုအပြင် ကျန်းမာရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်များ၊ ပညာရေး၊ အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သဘာဝ ဘေးအန္တရာယ်ကျရောက်သည့် ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စသည့် လူမှုအကျိုးပြုလုပ်ငန်း များစွာအား အခန်းကဏ္ဍအသီးသီးတွင် MPT က ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့အပြင် ရေရှားပါးသော အရပ်ဒေသများရှိ ဒေသခံပြည်သူများအတွက် သန့်ရှင်းပြီး ရေရှည်သောက်သုံးနိုင်သည့် ရေအရင်းအမြစ်ရရှိစေရန် ကူညီထောက်ပံ့လျက်ရှိသည့် “သန့်ရှင်းပြည့်ဖြိုး ရေအကျိုး” အစီအစဉ်ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ ယခုထက်ပိုမိုအသေးစိတ်သိရှိလိုပါက http://mpt.com.mm/en/about-home-en/csr-activities/ သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။