MPT x CMHL Strategic Collaboration PC Website Banner Design

MPT နှင့် City Mart Holding Co., Ltd (CMHL) တို့သည် သုံးစွဲသူများအား ပေါင်းစည်းထားသော ဒီဂျစ်တယ် ချိတ်ဆက်မှုနှင့် လက်လီဈေးဝယ်ယူမှု အကျိုးခံစားခွင့်များပေးအပ်ရန် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်

Published 04 Mar 2026

(ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော MPT နှင့် လက်လီနှင့် ကုန်စုံဈေးကွက်တွင် ဦးဆောင်နေသူ City Mart Holding Co., Ltd (CMHL) တို့သည် ၎င်းတို့ပေးအပ်နေသည့်  ဝန်ဆောင်မှုစနစ်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အခြားသော စီးပွားရေးကဏ္ဍများပါဝင်သည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ကို စတင်လိုက်ပြီဖြစ်ပါသည်။

အဆိုပါ  ပူးပေါင်းဆောင်ရွက်မှုသည် ဒီဂျစ်တယ်ဝန်ဆောင်မှုများနှင့် လက်လီရောင်းချမှုကဏ္ဍများကို ချိတ်ဆက်ပေးမည့် အခွင့်အလမ်းသစ်များကို ပေးအပ်ရန် အဖွဲ့အစည်းနှစ်ခုလုံး၏ ရည်မှန်းချက်ကို ထင်ဟပ်စေပြီး ရေရှည်တွင် သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန်၊ ပိုမိုပါဝင်နိုင်မှု အားကောင်းစေရန်နှင့် တန်ဖိုးရှိသော ဝန်ဆောင်မှုပေးအပ်ရန် ရည်ရွယ်ထားပါသည်။ ဤကဲ့သို့  ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းရှိ သန်းပေါင်းများစွာသော သုံးစွဲသူများ၏ လူနေမှုဘဝအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများဖြစ်သည့် နိုင်ငံတစ်ဝန်းရှိ CHML လက်လီအရောင်းကွန်ရက်နှင့် MPT ၏ နိုင်ငံတစ်ဝန်းလုံးတွင် အသုံးပြုနိုင်သည့် ဒီဂျစ်တယ်ပလက်ဖောင်းတို့တွင် ခံစားခွင့်များနှင့် ထုတ်ကုန်များကို အပြန်အလှန်လဲလှယ် အသုံးပြုနိုင်စေမည် ဖြစ်ပါသည်။ အသေးစိတ် ဆောင်ရွက်မည့် အစီအစဉ်များနှင့် အကောင်အထည်ဖော်မည့် အချက်အလက်များကို ဆက်လက် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။

MPTJO ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးမျိုးသန်း က “မြန်မာနိုင်ငံမှာ အခိုင်အမာတည်ရှိနေတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ MPT အနေနဲ့ ဆက်သွယ်ချိတ်ဆက်မှု ဆိုတာထက် သုံးစွဲသူ သန်း ၂၀ ကျော်ရဲ့ ဒီဂျစ်တယ်လူနေမှုဘဝ ပိုမိုးတိုးတက်စေဖို့အတွက် ကတိပြုဆောင်ရွက်နေပါတယ်။ အခုလို CMHL နဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် MPT ရဲ့ အမှတ်တံဆိပ်ကို မိုဘိုင်းဖုန်း မျက်နှာပြင်တွေထက် ကျော်လွန်ပြီး ပြင်ပလက်လီ အရောင်းဆိုင်တွေအထိပါ ဆောင်ရွက်ပေးနိုင်မယ့် ဝန်ဆောင်မှုတန်ဖိုးတွေကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပေးအပ်နေတဲ့ ဝန်ဆောင်မှုစနစ်အချင်းချင်း ပေါင်းစည်းလိုက်တာကြောင့် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ အကျိုးခံစားခွင့်တွေကိုပိုပြီး လွယ်လွယ်ကူကူ ပေးအပ်နိုင်စေမှာဖြစ်ပြီး MPT အနေနဲ့ သုံးစွဲသူတွေရဲ့ နေ့စဉ်လူနေမှုဘဝမှာ အရေးပါတဲ့ မိတ်ဖက်အဖြစ် အမြဲရှိနေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။‌  မြန်မာနိုင်ငံ အမှန်တကယ် ရှေ့ကိုလှမ်းချီစေမယ့် ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်ဖို့အတွက် CMHL လို လက်လီဈေးကွက်ရဲ့ ဦးဆောင်သူတစ်ဦးနဲ့ အတူ လက်တွဲဆောင်ရွက်ခွင့်ရတဲ့အတွက် အလွန်ပဲ ဂုဏ်ယူမိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

City Mart Holding Co., Ltd ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဖြိုးမင်းကျော် မှ “CMHL အနေနဲ့လည်း သုံးစွဲသူတွေရဲ့ နေ့စဉ်လူမှုဘဝနဲ့ ပိုပြီးနီးစပ်တဲ့ City Rewards အကျိုးခံစားခွင့်တွေ ပေးအပ်ဖို့ နည်းလမ်းတွေကို စဉ်ဆက်မပြတ် ရှာဖွေနေတာပဲ ဖြစ်ပါတယ်။  MPT နဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုက လက်လီရောင်းချမှုနဲ့ ဒီဂျစ်တယ် လူနေမှုဘဝကို လွယ်ကူအဆင်ပြေလှတဲ့ ပွိုင့်လဲလှယ်မှု အတွေ့အကြုံကတစ်ဆင့် ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်ရွက်မှုက ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ပိုပြီး အဆင်ပြေလွယ်ကူစေဖို့၊ ခံစားခွင့်တွေပေးအပ်ဖို့နဲ့ အမှတ်တံဆိပ် ၂ ခုလုံးနဲ့ သုံးစွဲသူတွေအကြား ပိုပြီး ချိတ်ဆက်နိုင်စေဖို့ ဆောင်ရွက် ပေးထားတာပဲ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော  MPT သည် သုံးစွဲသူများ၏ နေ့စဉ်ဘဝများကို မြှင့်တင်ရန် ခိုင်မာစွာ ကတိပြုထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝန်ဆောင်မှုများကို ပိုမိုမြှင့်တင်ရန် နည်းလမ်းသစ်များကို စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက် အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူး တင်ရှိပါသည်။ MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့် လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။ သုံးစွဲသူများအနေဖြင့် CMHL အကြောင်း ပိုမိုသိရှိလိုပါက CMHL Call Center  +95 (01) 523967~75 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

best operator in Myanmar