
MPT Pay က CB Pay ဖြင့် ချက်ချင်း တိုက်ရိုက် ငွေဖြည့်သွင်းနိုင်မည့် ဝန်ဆောင်မှုကို တိုးချဲ့ဆောင်ရွက်
(ရန်ကုန် ၊ ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၃ ရက်) သုံးစွဲသူများအား အကောင်းဆုံးနှင့် အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှုများပေးရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်နှင့်အညီ ယခုအခါ MPT Pay သည် ၎င်း၏ ငွေဖြည့်သွင်းခြင်းဝန်ဆောင်မှုတွင် MPT Pay အကောင့်ထဲသို့ CB Pay မှတစ်ဆင့် ငွေဖြည့်သွင်းခြင်း ဝန်ဆောင်မှုကို တိုးချဲ့ဆောင်ရွက်လိုက်ပြီဖြစ်ကာ MPT Pay သုံးစွဲသူများသည် ယနေ့မှစတင်၍ အဆိုပါဝန်ဆောင်မှုကို ချက်ချင်း အသုံးပြုနိုင်ပြီ ဖြစ်သည်။
အဆိုပါ ချက်ချင်းတိုက်ရိုက်ငွေဖြည့်သွင်းခြင်း ဝန်ဆောင်မှုအသစ်သည် MPT Pay အက်ပလီကေးရှင်းအတွင်းရှိ CB ဘဏ် လမ်းကြောင်းမှတစ်ဆင့် ငွေဖြည့်သွင်းနိုင်သည့် စနစ်ဖြစ်ကာ ယခုအခါ UAB ဘဏ်နှင့် CB ဘဏ်များဖြင့် အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုနိုင်ပြီ ဖြစ်သည်။ MPT Pay သည် ငွေဖြည့်သွင်းခြင်း ဝန်ဆောင်မှုလမ်းကြောင်းများကို စဥ်ဆက်မပြတ်တိုးချဲ့ဆောင်ရွက်လျက်ရှိသည်နှင့်အညီ MPT Pay သုံးစွဲသူများအနေဖြင့် မိုဘိုင်းလ် ငွေကြေးဝန်ဆောင်မှုများကို အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် AYA ဘဏ်၊ UAB ဘဏ် ၊ KBZ ဘဏ် နှင့် CB ဘဏ် စသည့် ဘဏ်စနစ်များနှင့် MPU ကတ်၊ Visa & Master ကတ် စသည်တို့ဖြင့်လည်း ငွေဖြည့်သွင်းနိုင်ပြီဖြစ်သည်။
MPT Pay အက်ပလီကေးရှင်း၏ ငွေဖြည့်သွင်းခြင်းဝန်ဆောင်မှုအသစ်ကို သုံးစွဲသူများသည် ယခင်ကကဲ့သို့ စောင့်ဆိုင်းစရာမလိုဘဲ ဖြည့်သွင်းလိုက်သည့် ငွေသားပမာဏကို ချက်ချင်းလက်ခံ ရရှိနိုင်မည်ဖြစ်ကာ အဆိုပါ ငွေဖြည့်သွင်း ၀န်ဆောင်မှုကို ယခင်က CB Pay မှတစ်ဆင့်သာ အသုံးပြု၍ရပြီး MPT Pay အကောင့်တွင် ငွေလက်ခံရန် အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းရန် လိုအပ်ခဲ့ပါသည်။ သုံးစွဲသူများအနေဖြင့် ငွေဖြည့်သွင်းခြင်းအတွက် မည်သည့်ဝန်ဆောင်ခမျှ ပေးဆောင်ရန်မလိုဘဲ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အနည်းဆုံး ၁,၀၀၀ ကျပ်မှစတင်၍ ငွေဖြည့်သွင်းခြင်း ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယခင်အသုံးပြုခဲ့သည့် CB Pay အက်ပလီကေးရှင်းမှ ငွေဖြည့်သွင်းခြင်းဝန်ဆောင်မှုကို ယခု ဝန်ဆောင်မှု အသစ် စတင်မိတ်ဆက်ပြီးသည့်အချိန်မှစ၍ အသုံးပြုနိုင်မည် မဟုတ်ပါ။
CB ဘဏ် ၏ သင်္ကေတအသစ်ကို MPT Pay အက်ပလီကေးရှင်းရှိ “Cash In” Menu အောက်တွင် ထည့်သွင်းထားပြီး MPT Pay သုံးစွဲသူများသည် ၎င်းတို့၏အက်ပလီကေးရှင်းတွင်ပါရှိသော အဆင့်အတိုင်း လုပ်ဆောင်ရုံဖြင့် ငွေဖြည့်သွင်းခြင်းဝန်ဆောင်မှုများကို အဆင်ပြေလွယ်ကူစွာ လုပ်ဆောင်နိုင်မည် ဖြစ်ကာ မိုဘိုင်ငွေကြေးဝန်ဆောင်မှုများကို ၎င်းတို့နှစ်သက်သည့် မည်သည့်အချိန်တွင်မဆို အသုံးပြုနိုင်မည်ဖြစ်သည်။
သုံးစွဲသူများ ပိုမိုသိရှိနားလည်စေရန်အတွက် အသေးစိတ် လုပ်ဆောင်ချက်အဆင့်များကို အောက်တွင် ကြည့်နိုင်ပါသည်။
MPT Pay အက်ပလီကေးရှင်း မှတစ်ဆင့် CB Pay ဖြင့်ငွေသွင်းရန်
အဆင့်(၁) : Cash In (ငွေသွင်း) ကိုနှိပ်ပါ။
အဆင့်(၂) : CB Bank ကိုရွေးပါ။
အဆင့်(၃) : မိမိဖြည့်သွင်းလိုသောငွေပမာဏကို ရွေးချယ် (သို့) ရိုက်ထည့်ပါ။
အဆင့်(၄) : MPT Pay PIN နံပါတ်ကိုထည့်ပါ။
အဆင့်(၅) : CB Pay App သို့ရောက်ရှိသွားမည်ဖြစ်ပြီး မိမိ CB Pay PIN နံပါတ်ကိုထည့်ပါ။
အဆင့်(၆) : အချက်အလက်များကို စစ်ဆေးပြီး Next ကိုနှိပ်ပါ။
အဆင့်(၇) : အတည်ပြုရန်အချက်အလက်များကိုစစ်ဆေးပြီး Confirm ကိုနှိပ်ပါ။
CB Pay တွင်လုပ်ဆောင်ချက်အောင်မြင်ကြောင်းပြပါမည်။BACK TO MAINPAGE ကိုနှိပ်ပါ ။
ထို့နောက် MPT Pay appသို့ပြန်လည်ရောက်ရှိပြီး လုပ်ဆောင်ချက်အောင်မြင်ပါမည်။ အောင်မြင်ကြောင်း SMS ကိုလဲရရှိမည်ဖြစ်ပါသည်။
MPT Pay သည် မြန်မာပြည်သူများနှင့် ၎င်း၏သုံးစွဲသူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်း ဆန္ဒပြုလိုက်ခြင်းနှင့်အတူ COVID-19 ရောဂါဖြစ်ပွားမှုမြင့်မားနေစဉ်အတွင်း COVID-19 ဆိုင်ရာကျန်းမာရေး လမ်းညွှန်ချက်များအတိုင်းလိုက်နာ နေထိုင်ကြပါရန်ကိုလည်း တိုက်တွန်းလိုက်ရပါသည်။ သုံးစွဲသူများ၏ လုံခြုံရေးတွက် ငွေသားကိုင်ဆောင်ခြင်းမရှိဘဲ(ငွေသားမဲ့) ငွေကြေးလွှဲပြောင်းခြင်းကို ဆောင်ရွက်ခြင်းမှာ ဘေးကင်းလုံခြုံစေနိုင်ရန် အထောက်အပံ့ပေးနိုင်မည်ဟု ယုံကြည်ထားကာ ယခုလို ခက်ခဲသောကာလတွင် မြန်မာပြည်သူများထံသို့ ဝန်ဆောင်မှုများကို အကောင်းဆုံးသော ကြိုးစားမှုများဖြင့် ဆက်လက်ပေးစွမ်း နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
MPT Pay နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက MPT Pay ၏ တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာဖြစ်သော https://mptpay.com.mm/သို့ ဝင်ရောက် ကြည့်ရှုနိုင်သည့်အပြင် MPT ဖုန်းနံပါတ်များအတွက် MPT Pay Call Center 990 နှင့် အခြားမိုဘိုင်းဖုန်းများအတွက် 01-2323990 သို့ဆက်သွယ်နိုင်ပါသည်။ Android အသုံးပြုသူများအနေဖြင့် “MPT Pay”အက်ပလီကေးရှင်း ကို https://bit.ly/MPTPayAndroid နှင့် https://bit.ly/MPTPay_iOS မှတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်၍ ရယူ အသုံးပြုနိုင်ပါသည်။