MPT ၏ နိုင်ငံတစ်ဝန်း “Team Fit: Unite & Move” စတုတ္ထအကြိမ်မြောက် ယောဂကျန်းမာရေးလှုပ်ရှားမှုတွင် ဝန်ထမ်း ၃၀၀ ကျော်ပါဝင်ခဲ့
(ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်) – MPT ၏ “TeamFit: Unite & Move” စတုတ္ထအကြိမ်မြောက် ယောဂကျန်းမာရေးလှုပ်ရှားမှုကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်တွင် နိုင်ငံတစ်ဝန်းရှိ MPT ဝန်ထမ်းပေါင်း ၃၀၀ ကျော် လူကိုယ်တိုင်နှင့်အွန်လိုင်းမှတစ်ဆင့် ပါဝင်ခဲ့ကြပါသည်။ အဆိုပါလှုပ်ရှားမှုသည် ဝန်ထမ်းများ၏ ကိုယ်စိတ်ကျန်းမာရေးနှင့် ဟန်ချက်ညီသော လုပ်ငန်းခွင်ဓလေ့အပေါ် MPT ၏ အလေးထားဆောင်ရွက်မှုကို ပိုမိုခိုင်မာစေခဲ့ပါသည်။
MPTJO ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Hiroyuki OKAI က “ကျွန်တော်တို့အနေနဲ့ ၂၀၂၄ ခုနှစ်ကစပြီး ယောဂကျန်းမာရေးလှုပ်ရှားမှုတွေကို ပုံမှန်ဆောင်ရွက်လာတာ အခုဆိုရင် စတုတ္ထအကြိမ်မြောက်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေး ၊ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးပြီး အလုပ်နဲ့ဘဝဟန်ချက်ညီမှုကို အထောက်အပံ့ဖြစ်စေမယ့် ဒီလိုအစီအစဉ်ကောင်းတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခုလို ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ နိုင်ငံတစ်ဝန်းက ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေအားလုံးကိုလည်း အထူး ကျေးဇူး တင်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
ယောဂကျန်းမာရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်မှ ဝန်ထမ်းတစ်ဦးက “ပထမအကြိမ် ယောဂကျန်းမာရေးလှုပ်ရှားမှု စခဲ့ကတည်းက အွန်လိုင်းကနေ ပါဝင်ခဲ့ပါတယ်။ အွန်လိုင်းကနေ ပါဝင်ခဲ့ပေမယ့်လည်း ယောဂ ကစားတာက အရမ်းထိရောက်ပါတယ်။ ယောဂက ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို အပန်းပြေစေသလို ရုပ်ပိုင်းဆိုင်ရာကိုလည်း ကျန်းမာစေပါတယ်။ ဝန်ထမ်းတွေအတွက် ဒီလှုပ်ရှားမှုကို စီစဉ်ပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။” ဟု သူမ၏ အတွေ့အကြုံကို ယခုလို ပြောကြားခဲ့ပါသည်။
MPT သည် ကျန်းမာသော အလေ့အထများ၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုနှင့် မျှတသော လူနေမှုဘဝပုံစံတို့ကို အားပေးမြှင့်တင်ရန်အတွက် “TeamFit: Unite & Move” အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ခိုင်မာသော အဖွဲ့အစည်းတစ်ခုဖြစ်ရန်နှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်အတွက် ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပါသည်။
MPT အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။



