blank

မုံရွာဒေသခံ ကျေးရွာနေပြည်သူများအတွက် လူမှုဘဝကို ပြောင်းလဲမြှင့်တင်ပေးနိုင်မည့် စက်ရေတွင်းကို MPT က အောင်မြင်စွာလွှဲပြောင်းပေးနိုင်ခဲ့

Published 30 May 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် မေလ ၃၀ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သာယာစုကျေးရွာတွင် စက်ရေတွင်းအား ဒေသခံများထံသို့ လွှဲပြောင်း ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို မေလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း ယနေ့သတင်း ထုတ်ပြန်လိုက်သည်။ နှလုံးသားထဲက မြန်မာ လှုပ်ရှားမှု အစီအစဉ် ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော သန့်ရှင်းပြည့်ဖြိုး ရေအကျိုးအစီအစဉ်မှာ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ရေရှားပါးမှု နှင့် ကြုံတွေ့နေရသည့် ဒေသများတွင် ရေတွင်းတူးဖော်ပေးခြင်း၊ ရေလှောင်ကန်များ တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ရေရှည်တည်တံ့သည့် သောက်သုံးရေ ရရှိနိုင်ရေးကို လုပ်ဆောင်နေသည့် အစီအစဉ်တစ်ခု လည်း ဖြစ်ပါသည်။

အဆိုပါ စက်ရေတွင်းအသစ်သည် ရွာနှင့်အလှမ်းကွာဝေးသည့် မြစ်ချောင်းများကို သွားရောက်၍ သောက်သုံးရေ ခပ်ယူနေရသော သာယာစုကျေးရွာ ဒေသခံ (၄၀၀) ၏ နေ့စဉ်ဘဝများ သိသိသာသာ ပိုမိုအဆင်ပြေလွယ်ကူလာ စေရန်နှင့် ရေသန့်နှင့် ဆက်စပ်နေသည့် ကျန်းမာရေးကဏ္ဍ ပိုမိုတိုးတက်လာစေရန် မျှော်မှန်းထားလျက်ရှိပြီး ၎င်းရလဒ်နှစ်ခုလုံးသည် နိုင်ငံပိုင်အော်ပရေတာဖြစ်သည့် MPT ၏ လူမှုအကျိုးပြုအစီအစဉ် ရည်ရွယ်ချက် တစ်ခုလည်း ဖြစ်ပါသည်။

မုံရွာစက်ရေတွင်းလှူဒါန်းမှုသည် “သန့်ရှင်းပြည့်ဖြိုး ရေအကျိုးအစီအစဉ်” ၏ ဒုတိယအကြိမ်လှူဒါန်းမှုဖြစ်ပြီး အဆိုပါအစီအစဉ်ကို မြန်မာငွေကျပ်သိန်း (၂,၀၀၀) ကို အသုံးပြုကာ ရေရှားပါးမှုကြုံတွေ့နေရသော ဒေသများအတွက် သန့်ရှင်းသည့် ရေအရင်းအမြစ်များ ရရှိစေရန် MPT နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်နေပြီး Network Activities Group (NAG) ၊ Bridge Asia Japan (BAJ) တို့နှင့်အတူ ပူးပေါင်း၍ လှူဒါန်းမှုများကို အကောင်းဆုံး ဖြစ်လာစေရန် အသေအချာဆောင်ရွက်နေခြင်းဖြစ်သည်။ “သန့်ရှင်းပြည့်ဖြိုး ရေအကျိုးအစီအစဉ်”၏ ဒုတိယ အကြိမ်လှူဒါန်းမှုအဖြစ် ရေတွင်းရေကန် (၁၀) ခုကို တူးဖော်လှူဒါန်းပေးသွားမည်ဖြစ်ပါသည်။ စက်ရေတွင်း၊ ရေကန်များ လွှဲပြောင်းပေးအပ်လှူဒါန်းခြင်း အခမ်းအနားများကို အောက်ဖော်ပြပါ နေရာများတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

 တိုင်းနှင့်ပြည်နယ်  မြို့နယ်  ကျေးရွာ  လွှဲပြောင်းပေးအပ်မည့်နေ့
 မန္တလေး  ညောင်ဦး  လက်ပံပင်တဲတိုက် ဧပြီ ၂၄
 မန္တလေး  ပျော်ဘွယ်  ချိုင်  မေ ၃၁
 စစ်ကိုင်း  ယင်းမာပင်  ကြပ်  မေ ၂၄
 စစ်ကိုင်း  မုံရွာ  သာယာစု  မေ ၂၉
 မကွေး  မကွေး  လင့်မြင့်  မေ ၃၀

အဆိုပါအစီအစဉ်သည် သက်ဆိုင်ရာဒေသများရှိ ဒေသခံများနှင့် ဖွဲ့စည်းထားသည့် ရေကော်မတီအဖွဲ့ဝင်များ ၏ အကူအညီဖြင့် ရေရှည်တည်တံ့စေရန် နှင့် ရေရှည်အသုံးပြုနိုင်အောင်မည်ကဲ့သို့ ထိန်းသိမ်းသွားရမည် စသည့် အလေ့အကျင့်ကောင်းများကိုပါ မွေးထုတ်ပေးရန် အဓိကရည်ရွယ်ချက်ထားပြီး လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ ရေကော်မတီအဖွဲ့ဝင်များ၏တာဝန်မှာ ရေတွင်း နှင့် ဆက်စပ်ပစ္စည်းများကို အကောင်းဆုံး ထိန်းသိမ်းရန် ဖြစ်သည်။ ထိုကဲ့သို့ တစ်မူထူးခြားပြီး ရေရှည်အတွက် ရည်ရွယ်သော MPT၏ “သန့်ရှင်းပြည့်ဖြိုး ရေအကျိုး” အစီအစဉ်သည် အခြားသော ရေရရှိမှုအစီအစဉ်များအကြား ကွာခြားချက်များဖြစ်သည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးနိုင်ကိုကို က“ကျွန်တော်တို့ရဲ့ သန့်ရှင်းပြည့်ဖြိုး ရေအကျိုးအစီအစဉ်ဟာ မြန်မာနိုင်ငံသားများအတွက် အဓိပ္ပါယ်ရှိ တဲ့ အပြောင်းအလဲတွေကို ပေးအပ်နေပါတယ်။ ကျွန်တော်တို့ရဲ့နှလုံးသားဟာလည်း မြန်မာပြည်သူပြည်သားတွေနဲ့ တပ်တူရှိနေတယ်လို့ ခံယူထားတဲ့အလျောက် ရေရှိဖို့ခက်ခဲတဲ့ မြန်မာနိုင်ငံအနှံံ့အပြားက ပြည်သူတွေအတွက် ဒီအစီအစဉ်ကနေတစ်ဆင့် ထောက်ပံံ့ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့လိုမျိုး ဒေသခံတွေအတွက် ရေတွင်းလှူဒါန်းပြီး ဒေသဖွံ့ဖြိုးအောင် ကူညီပေး ရတာကိုလည်း အင်မတန်မှ ပီတိဖြစ်မိပါတယ်။ ဒီလှူဒါန်းမှုရဲ့ ရလဒ်ဟာ မုံရွာဒေသခံကျေးရွာနေပြည်သူတွေအပေါ် သက်ရောက်မှုကြီးကြီးမားမား ဖြစ်လာမယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူူး။ ဒီလိုလှူဒါန်းမှုမှာ ပူးပေါင်းပါဝင်ကူညီပေးခဲ့ကြပြီး မြန်မာနိုင်ငံကို ရှေ့သို့လှမ်းချီရာ မှာ အထောက်အကူဖြစ်စေခဲ့တဲ့ ကျွန်တော်တို့ရဲ့မိတ်ဖက်အဖွဲ့အစည်းတွေ ၊ ဒေသခံပြည်သူတွေ နဲ့ NGO အဖွဲ့အစည်းတွေကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်” ဟု ပြောကြား ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သာယာစုကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်က “ကျွန်တော်တို့ကျေးရွာ မှာ လက်ရှိနေထိုင်တဲ့လူဦးရေကတော့ (၄၀၀) ကျော်ရှိပါတယ်။ အဓိကစီးပွားရေး အနေနဲ့ စိုက်ပျိုးရေး နဲ့ မွေးမြူ ရေးကို လုပ်ကိုင်ကြတယ်။ ရေက အရင်ကတည်းကရှိတယ်။ ဒါပေမယ့် သုံးရေအတွက်ပဲ အသုံးပြုလို့ရတယ်။ သောက်ရေကို (၁) မိုင်ကျော်ကျော်ဝေးတဲ့ နေရာကနေယူရတယ်။ ဒါပေမယ့် ရေက ခါးလည်းခါး၊ ဝါလည်း ဝါ တော့ သောက်ဖို့အတွက် သိပ်အဆင်မပြေဘူး။ အခုကျတော့ MPT ရဲ့ “သန့်ရှင်းပြည့်ဖြိုးရေအကျိုး” အစီအစဉ်နဲ့ စက်ရေတွင်းတူးဖော်ပေးတဲ့အတွက်ကြောင့် သောက်ရေရော၊ သုံးရေပါ အသုံးပြုလို့ရပြီဆိုတော့ အရမ်းပဲ ဝမ်းသာပျော်ရွှင်မိပါတယ်။ လာရောက် ကူညီပံ့ပိုးပေးတဲ့ အစိုးရဌာနက တာဝန်ရှိသူတွေ၊ ဒေသခံပြည်သူတွေ၊ MPT နဲ့ MPT ဝန်ထမ်းတွေ အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါအစီအစဉ်၏ ပထမအကြိမ်လှူဒါန်းမှုတွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း (အနောက်)၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်အပါအဝင် ရေရရှိရန်ခက်ခဲသည့်ဒေသများအတွက် စက်ရေတွင်း နှင့် ရေကန်ပေါင်း (၁၅) ခုကို မြန်မာငွေကျပ် သိန်း (၂,၅၀၀) အကုန်အကျခံကာ လှူဒါန်းပေးခဲ့ပြီး ဖြစ်သည်။

MPT၏ နိုင်ငံတစ်ဝှမ်းဆောင်ရွက်နေသည့် နှလုံးသားထဲကမြန်မာ လှုပ်ရှားမှုအစီအစဉ် နှင့် လူမှုအကျိုးပြုလုပ်ငန်း များအကြောင်း ပိုမိုသိရှိလိုပါက MPT၏ တရားဝင် facebook page ဖြစ်သည့် www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါ

best operator in Myanmar