
COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း
(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်) မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ MPT Own Shop တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။
ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရသည့်ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် သက်ဆိုင်ရာရုံးအတွင်း ဆေးဖြန်းခြင်း နှင့် ထိတွေ့ခဲ့သူများအား စုံစမ်းစစ်ဆေးပြီး လိုအပ်သော ကာကွယ်မှုအစီအစဉ်များကိုလျင်လျင်မြန်မြန်ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိပါသည်။ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါ စတင်ပြန့်ပွားချိန်ကပင်စတင်ပြီး တိကျခိုင်မာသော ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ချက်များကို ဆောင်ရွက်လျက်ရှိကာ မိမိတို့၏ သုံးစွဲသူများနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုတို့အတွက် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိပါသည်။
မကြာသေးမီရက်များအတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုအသစ်များတိုးပွားလာသည်နှင့်အမျှ MPT အနေဖြင့် မြန်မာပြည်သူလူထုအား ကိုဗစ်-၁၉ ကိုတိုက်ဖျက်ရာတွင် အချင်းချင်းလုံခြုံမှုရှိစေရန် နှင့်ပြန့်ပွားမှုကိုရပ်တန့်ရန်အတွက် ကျန်းမာရေးလမ်းညွှန်မှုများကိုတင်းကြပ်စွာလိုက်နာရန် ဆန္ဒပြုတိုက်တွန်းအပ်ပါသည်။
ကျွန်ုပ်တို့၏ သုံးစွဲသူများနှင့်မိတ်ဖက်စီးပွားရေးလုပ်ငန်းများ၏လုံခြုံမှုနှင့်အကျိုးစီးပွားကို ရှေးရှု၍ MPTသည်တစ်နိုင်ငံလုံးရှိသုံးစွဲသူများအားပိုမိုကောင်းမွန်သောကြိုတင်ကာကွယ်မှုအတွက် ယခုအချိန်မှစ၍ နောက်ပိုင်းထုတ်ပြန်ချက်များတွင် အများပြည်သူများ၊မိတ်ဖက်စီးပွားရေးလုပ်ငန်းများ နှင့်သုံးစွဲသူတို့နှင့်ဆက်စပ်သည့် ဖြစ်ရပ်များကိုသာကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်သည်။
ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍ ဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ပေးစွမ်းနိုင်ရေးကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။
ယခုကဲ့သို့ဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။