blank

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့ပြုလှူဒါန်းလိုသူ MPT သုံးစွဲသူများအနေဖြင့် SMS မှတစ်ဆင့် လှူဒါန်းနိုင်မည့် အစီအစဉ်ကို MPT မှ ပြန်လည်ဖွင့်လှစ်

Published 03 Oct 2020

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့ပြုလှူဒါန်းလိုသူ MPT သုံးစွဲသူများအနေဖြင့်
SMS မှတစ်ဆင့် လှူဒါန်းနိုင်မည့် အစီအစဉ်ကို MPT မှ ပြန်လည်ဖွင့်လှစ်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဉီးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT က မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်မှု အရှိန်အဟုန် မြင့်တက်နေခြင်းနှင့်အတူ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အပံ့ပြု လှူဒါန်းလိုသူ MPT သုံးစွဲသူ ပြည်သူများအနေဖြင့် SMS (စာတို) ပေးပို့ခြင်းမှတစ်ဆင့် လှူဒါန်းနိုင်မည့် အစီအစဉ်ကို အောက်တိုဘာလ (၃) ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်၊၊ ယခုအစီအစဉ်ကို COVID-19 ပထမလှိုင်းဖြစ်ပွားစဉ် ကာလအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့ပြုနိုင်စေရန် ရည်ရွယ်၍ လွန်ခဲ့သည့် ဧပြီလမှ မေလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပြီး ရရှိခဲ့သည့် လှူဒါန်းငွေများအားလုံးကို Corona Virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ လွှဲပြောင်းလှူဒါန်းခဲ့ပြီးဖြစ်ပါသည်၊၊

ယခု အစီအစဥ်တွင် ပါဝင်လှူဒါန်းလိုသူ MPTသုံးစွဲသူ ပြည်သူများအနေဖြင့် 9900 သို့ 500 ဟုရိုက်နှိပ်ပြီး SMS(စာတို) ပေးပို့ခြင်းဖြင့် တစ်ကြိမ်လျှင် အလှူငွေကျပ် ၅၀၀ ကို အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိဘဲ မိမိတို့ ဖုန်းဘေလ်ရှိသလောက် ပါဝင် လှူဒါန်းနိုင်မည်ဖြစ်ကာ မည်သည့်ဝန်ဆောင်ခမျှကျသင့်ခြင်းမရှိပါ၊၊ GSM/WCDMA စနစ်ကို အသုံးပြုသည့် ကြိုတင်ငွေဖြည့်စနစ်ကို သုံးစွဲသူ ဖြစ်စေ၊ အသုံးပြုပြီးမှ ငွေပေးချေသည့်စနစ်ကို သုံးစွဲသူဖြစ်စေ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပါသည်၊၊ အသုံးပြုပြီးမှ ငွေပေးချေသည့်စနစ်ကို သုံးစွဲသူများအတွက် လှူဒါန်းလိုက်သည့် ငွေပမာဏကို ငွေတောင်းခံလွှာတွင် ထည့်သွင်း ကောက်ခံသွားမည် ဖြစ်ပြီး ကြိုတင်ငွေဖြည့်စနစ် အသုံးပြုသူများအတွက်မူ ငွေဖြည့်သွင်းထားသည့် ပမာဏထဲမှနုတ်ယူသွားမည်ဖြစ်ပါသည်၊၊

“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေနဲ့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်ကစပြီး အများပြည်သူတွေကို ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုတွေ အဆက်မပြတ်ပေးအပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက် နိုင်ခဲ့ရုံသာမက COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွေမှာလည်း အကူအညီ ဖြစ်စေဖို့အတွက် လိုအပ်တဲ့လှူဒါန်းမှုတွေနဲ့ ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့ တွေကို ဆောင်ရွက် ပေးခဲ့ပါတယ်။ COVID-19 ပထမလှိုင်းအတွင်း SMS (စာတို) ပေးပို့လှူဒါန်းခြင်းအစီအစဉ် ကနေ MPTသုံးစွဲသူများရဲ့ လှူဒါန်းငွေကျပ်သိန်း ၂၀၀ ကျော်ကိုလည်း COVID-19 အမျိုးသားအဆင့်ဗဟိုကော်မတီကို အောင်မြင်စွာ လွှဲပြောင်း လှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်၊၊ ဒါ့အပြင် MPT အနေနဲ့ ငွေကျပ် သိန်း(၁,၀၀၀) ကို လည်းထပ်မံလှူဒါန်း နိုင်ခဲ့ပါတယ်။ အခုလို ကူးစက်ပျံ့ပွားမှု ပြန်လည်မြင့်တက် လာချိန်မှာ MPT သုံးစွဲသူအများပြည်သူတွေအဖို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေမှာ တစ်တပ်တစ်အားပါဝင်လှူဒါန်းနိုင်ဖို့အတွက် အခုလို SMS စနစ်နဲ့ လှူဒါန်းနိုင်မယ့် အစီအစဥ်ကို ပြန်လည်ဖွင့်လှစ်ပေးလိုက်တာဖြစ်ပါတယ်၊၊” ဟု MPT-KSGM Joint Operations မှ လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ ဒုတိယ အရာရှိချုပ် ဖြစ်သူ ဉီးမျိုးသန်းက ပြောကြားခဲ့ပါသည်၊၊

တာဝန်သိပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် MPT သည် “မြန်မာပြည်နှင့်အတူ ရှိနေမည်” ဟူသည့်ဆောင်ပုဒ်နှင့်အညီနိုင်ငံတစ်ဝန်း COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ဘက်ပေါင်းစုံမှ ဆက်လက်ကာ ကူညီပံ့ပိုးလျက်ရှိပါသည်၊၊ ဆက်သွယ်ရေးဆိုင်ရာကူညီထောက်ပံ့မှုများအဖြစ် ဖိုင်ဘာအင်တာနက် ချိတ်ဆက်ပေးခြင်း၊ အော်တိုတယ်လီဖုန်းလိုင်းများ တပ်ဆင်ပေးခြင်း ၊ဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ်များလှူဒါန်းခြင်း၊ သုံးစွဲသူပြည်သူများသို့ နှာခေါင်းစည်းလှူဒါန်းခြင်းနှင့် နိုင်ငံတစ်ဝန်းရှိ မိဘမဲ့ဂေဟာများသို့ အခြေခံစားသောက်ကုန် လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့အပြင် မကြာသေးမီကလည်း ဖောင်ကြီး COVID-19 ကုသရေးစင်တာအတွက် လိုအပ်သော မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက်လိုင်းများ တိုးချဲ့ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်၊၊ အလားတူပင် ဧရာဝတီဖောင်ဒေးရှင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တို့ပူးပေါင်းဆောင်ရွက်ထားသော COVID-19 အရေးပေါ် ကုသရေးဌာန ဧရာဝတီစင်တာ (သုဝဏ္ဏ) တွင် အင်တာနက် ရရှိ အသုံးပြုနိုင်ရန် လိုအပ်သော ဆက်သွယ်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုများအဖြစ် မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက်လိုင်းများ၊ ဝိုင်ဖိုင် နှင့်ဆက်စပ် ပစ္စည်းများ ကို ထောက်ပံ့ ဆောင်ရွက် လျက်ရှိပါသည်၊၊

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များအတွက် ဆောင်ရွက်ပေးနေသည်များနှင့် MPT ၏ လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက https://www.mpt.com.mm/mm သို့မဟုတ် MPT ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာဖြစ်သော https://web.facebook.com/mptofficialpage နှင့် MPT ၏ လိုတရ စာမျက်နှာ http://mptcsr.foc.lotayamm.com/mptyouth တို့တွင်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

best operator in Myanmar