blank

MPT မှ “ရှေ့သို့လှမ်းချီလင်းလက်စေမည်” အစီအစဉ်ဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ဆိုလာမီးအိမ်များလှူဒါန်း

Published 05 Apr 2016

လူမှုအကျိုးအပြုအစီအစဉ်တစ်ခုအနေဖြင့် ပညာသင်ကြားရေး၌ အထောက်အကူပြုစေရန် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ် နှင့် ချင်းပြည်နယ်များ ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ်များ ပေးအပ်လှူဒါန်းခြင်း

ဟွေလော့ကျေးရွာ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ (၅) ရက် ဧပြီလ ၊ ၂၀၁၆ ခုနှစ် – မြန်မာနိုင်ငံ၏ ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများသို့ ဆိုလာမီးအိမ် (၇၉) လုံးအား ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို လာရှိုးမြို့နယ်၊ ဟွေလော့ ကျေးရွာရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၌ ကျင်းပ ပြုလုပ်ခဲ့ ပါသည်။

“ရှေ့သို့လှမ်းချီ လင်းလက်စေမည်” ဟူသော ဆောင်ပုဒ်ဖြင့် တစ်နို်င်ငံလုံးအတိုင်းအတာဖြင့် လှူဒါန်းရန် လုပ်ဆောင်ချက်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆိုလာမီးအိမ်ပေါင်း ၂၃၉ လုံးကို ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကယား ပြည်နယ်၊ ကချင်ပြည်နယ် နှင့် ချင်းပြည်နယ် တို့ရှိ လျှပ်စစ်မီးမရရှိသေးသော ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးကိုမြှင့်တင်ပေးနိုင်စေရန်ရည်ရွယ်၍ လှူဒါန်းတပ်ဆင် ပေးမည် ဖြစ်ပါသည်။

ဟွေလော့ ကျေးရွာမှ ဆရာတော် အရှင်သာသနာ့မှလည်း ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားရေးနှင့် သင်ယူမှုအဆင့်မြှင့်တင်ရေးတွင် တစ်ဖက်တစ်လှမ်းမှနေပြီး ပါဝင်လှူဒါန်းမှုကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် အသိအမှတ်ပြုခဲ့ပါသည်။ “ဒီအနားကနယ်တွေမှာရှိတဲ့ ကျောင်းတွေမှာ လျှပ်စစ်မီးအစရှိတဲ့ အခြေခံလိုအပ်ချက်တွေရှိနေပြီး ရာသီဥတုဆိုးရွားချိန်နဲ့ ညနေပိုင်းအလင်းရောင် အားနည်းချိန်တွေမှာ အလင်းရောင်မရှိတဲ့အတွက် အခက်အခဲတွေဖြစ်နေရပါတယ်။ အခုလို ဆိုလာမီးအိမ်များ ရရှိတဲ့အတွက် အခက်အခဲရှိတဲ့ ကျောင်းများမှာ ကျောင်းသားတွေကို အလင်းရောင် ပိုမိုကောင်းမွန်အောင် ပေးစွမ်းနိုင်ပြီဖြစ်ပြီး စိတ်ချရတဲ့ လျှပ်စစ်မီးများကိုု ကျောင်းသား၊ ကျောင်းသူများကို ဖြည့်ဆည်းနိုင်ပြီး ပညာသင်ကြားရေးအတွက် စာများကို ကောင်းစွာလေ့လာကျက်မှတ်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု ဆရာတော်မှ မိန့်ကြားခဲ့ပါသည်။

MPTမှလည်းဆက်လက်ပြီးမြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့အခြားသောဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုလည်း ဆိုလာမီးအိမ်များ ထပ်မံပေးပို့လှူဒါန်းရန် အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ ဆရာတော်တို့ကလည်း ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာရေးသင်ယူမှုအဆင့်မြှင့်တင်ရေးမှာ တစ်ဖက် တစ်လှမ်းကနေပြီး ပါဝင်လှူဒါန်းမှုကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် အသိအမှတ်ပြုပါတယ်” ဟု မိန့်ကြားခဲ့ ပါသည်။

ယခုလှူဒါန်းမှုမှာ လွန်ခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လအစောပိုင်းက ပြုလုပ်ခဲ့သည့် လှူဒါန်းမှုများ ဖြစ်သော မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် ရန်ကုန် တိုင်းတို့တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးအိမ် ပေါင်း ၈၀၀ ကျော်ကို လှူဒါန်းမှုများအပြီးတွင်ထပ်မံ လှူဒါန်းမှုဖြစ်ပါသည်။

MPT အနေဖြင့် ယခုနှစ်အတွင်း “ရှေ့သို့လှမ်းချီလင်းလက်စေမည်” လုပ်ငန်းစဉ်ဖြင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးအိမ် အလုံးရေပေါင်း (၂၀၀၀)ကို ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ပညာရေးအတွက် လိုအပ်နေသော ကျောင်းသား၊ ကျောင်းသူပေါင်း(၅၈,၀၀၀)ခန့်ကို အကူအညီ အထောက်အပံ့ပေးကာ မြန်မာနိုင်ငံရှိ ကျောင်းပေါင်း (၆၃၂) ကျောင်းများရှိ စာသင်ခန်းများကို ပိုမိုလင်းလက်စေရန်အတွက် ပေးပို့လှူဒါန်းသွားမည် ဖြစ်ပါသည်။ ယခုဆိုလာမီးအိမ် များကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ပြီး ပေးပို့လှူဒါန်းနိုင်ရခြင်းမှာ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သော MPT၏ နံပတ်အလှများ လေလံတင်ရောင်းချပွဲမှတစ်ဆင့် ကျပ်ငွေပေါင်း (၂၉၂.၇) သန်းကို MPTကို အသုံးပြုသူ ပြည်သူများထံမှတစ်ဆင့် ရယူနိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးအိမ် များမှာ Panasonic အမျိုးအစားဖြစ်သော “Enelop Solar Storage” များဖြစ်ကြပါသည်။ ဤနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးအိမ်များမှာ လွယ်ကူစွာ သုံးစွဲနိုင်သော ပစ္စည်းများဖြစ်ပြီး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ပြားနှင့် ဘထ္ထရီများပါဝင်ကာ နေ့ပိုင်းတွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်စွမ်းအင်မှတစ်ဆင့် အားဖြည့်သွင်းနိုင်ပြီး ထိုစွမ်းအင်ဖြင့် LED မီးလုံးနှစ်လုံးကို ည သို့မဟုတ် အလင်းရောင်းမရှိသော အချိန်များတွင် သုံးစွဲနိုင်ပါသည်။ သုံးစွဲမှုအတိုင်းအတာပေါ်မူတည်ပြီး ၆ နာရီခန့်အားသွင်းရုံဖြင့် ၂၄ နာရီခန့် သုံးစွဲနိုင်ပါသည်။ ထိန်းသိမ်းစရိတ်လုံးဝမရှိဘဲ လည်ပတ်ရန် အတွက်လည်း ငွေကုန်ကျမှု ရှိမည်မဟုတ်ပါ။ ထို့ပြင် ဤမီးအိမ်များဖြင့် ညအခါ အလင်းရောင် ကောင်းစွာရရှိနိုင်ပြီး USB ကြိုးမှ တစ်ဆင့် မိုလ်ဘိုင်းဖုန်းများကိုလည်း အားဖြည့်သွင်းနိုင်ခြင်းဖြင့် ဒေသခံအချင်းချင်း ဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာစေနိုင်မည့် အစီအစဉ်လည်းဖြစ်သည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်း ၏ လူမှုကူညီရေးအထောက်အပံ့ လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို လေ့လာလိုပါက https://www.mpt.com.mm/en/whats-new/csr-activities/တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

best operator in Myanmar