pr-mm-desktop

MPT က (၁၉) ကြိမ်မြောက် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းမှုနှင့်အတူ လူ့အသက်များကို ကယ်တင်မည့် ကတိကဝတ်ကို ပိုမိုမြှင့်တင်ဆောင်ရွက်

Published 10 Jul 2026

[ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်] – MPT သည် သွေးလိုအပ်နေသော လူနာများကို ကူညီပံ့ပိုးပေးရန်နှင့် ပြည်သူ့ဆေးရုံကြီးများတွင် သွေးအလှူရှင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ နိုင်ငံတစ်ဝန်းမှ ဝန်ထမ်းများ အတူတကွ စုပေါင်းပါဝင်သည့် နိုင်ငံတစ်ဝန်း (၁၉) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ ကျင်းပပြုလုပ်ခဲ့ပါသည်။

MPT ၏ စဉ်ဆက်မပြတ်ဆောင်ရွက်နေသော လူမှုအကျိုးပြုလုပ်ငန်း (CSR) ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် MPT ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း စုစုပေါင်း (၃၀၀) ခန့်သည် နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် မန္တလေးတိုင်းဒေသကြီးရှိ သတ်မှတ်ထားသော သွေးဌာနများတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြပါသည်။

ယခုလို ဆောင်ရွက်မှုသည် သေးငယ်သော ကူညီပံ့ပိုးမှုတစ်ခုချင်းစီမှသည် အဓိပ္ပာယ်ပြည့်ဝသော အပြောင်းအလဲများကို ဖြစ်ပေါ်စေနိုင်သည်ဟူသော MPT ၏ ယုံကြည်မှုကို ထင်ဟပ်စေပါသည်။ သွေးလှူဒါန်းမှုတိုင်းသည် အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်သည့် တန်ဖိုးရှိသော အထောက်အပံ့တစ်ခုဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူနေသူများ၊ အရေးပေါ်ကုသမှု လိုအပ်သူများနှင့် ပြင်းထန်သောကျန်းမာရေးပြဿနာများကို ရင်ဆိုင်နေရသူများအတွက် မျှော်လင့်ချက်အသစ်များကို ပေးစွမ်းနိုင်ပါသည်။ 

MPTJO ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Hiroyuki OKAI က “ကျွန်တော်တို့ ဝန်ထမ်းတွေဟာ စေတနာ့ဝန်ထမ်း စိတ်ဓာတ်အပြည့်ရှိကြပြီး အခုလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်တဲ့ လှုပ်ရှားမှုမှာ ဝန်ထမ်းတွေရဲ့ စိတ်အားထက်သန်မှုကို ဆက်လက်မြင်တွေ့ရတဲ့အတွက် အလွန်ပဲ ဂုဏ်ယူမိပါတယ်။ သွေးလှူဒါန်းမှုဆိုတာ ရိုးရှင်းတဲ့ လုပ်ရပ်တစ်ခုဖြစ်ပေမယ့် လိုအပ်နေတဲ့သူတစ်ယောက်အတွက်တော့ ဘဝတစ်ခုလုံးကို ပြောင်းလဲပေးနိုင်တဲ့ သက်ရောက်မှုမျိုး ရှိစေနိုင်ပါတယ်။ ဒီလိုအဓိပ္ပာယ်ရှိတဲ့ လှူဒါန်းမှုမှာ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ ဝန်ထမ်းတစ်ဦး တစ်ယောက် ချင်းစီတိုင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

သွေးလှူဒါန်းခြင်းလှုပ်ရှားမှုသည် MPT ၏ စဉ်ဆက်မပြတ်ဆောင်ရွက်နေသော လူမှုအကျိုးပြုလုပ်ငန်း (CSR) လှုပ်ရှားမှု တစ်ခုဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ ဝန်ထမ်းများကလည်း ပုံမှန် ပါဝင်လှူဒါန်းလျက်ရှိသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း MPT ၏ စုပေါင်းသွေးလှူဒါန်းမှုအစီအစဉ်မှတစ်ဆင့် စေတနာ့ဝန်ထမ်းအလှူရှင်ပေါင်း ၁၀,၀၀၀ ကျော်က  နိုင်ငံတစ်ဝန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် အရေးတကြီးလိုအပ်နေသော သွေးယူနစ်ပေါင်း ၉,၆၀၀ နီးပါးကို ပံ့ပိုးလှူဒါန်း နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ဤအစီအစဉ်သည် လူမှုအသိုက်အဝန်းပေါ် ကောင်းမွန်၍ ရေရှည်တည်တံ့သော သက်ရောက်မှုများ ဖန်တီးပေးရန် MPT ၏ ကတိကဝတ်ကို ထင်ဟပ်စေရုံမျှမက၊ ဝန်ထမ်းများအကြား အပြန်အလှန်ရိုင်းပင်းကူညီတတ်သော ယဉ်ကျေးမှုနှင့် လူမှုအကျိုးပြုစိတ်ဓာတ်တို့ကိုလည်း အားပေးမြှင့်တင်လျက်ရှိသည်။

စုပေါင်းသွေးလှူဒါန်းခြင်းလှုပ်ရှားမှုအပြင် MPT သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်များ၊ သဘာဝ ဘေးအန္တရာယ်ကျရောက်သည့် ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍတို့တွင်လည်း လူမှုအကျိုးပြုလုပ်ငန်း (CSR) များကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

MPT အနေဖြင့် နိုင်ငံအတွက် ကောင်းမွန်ပြီး ရေရှည်တည်တံ့သော အကျိုးသက်ရောက်မှုများ ဖန်တီးပေးနိုင်ရန် မိမိတို့၏ ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့်အတူ လက်တွဲကာ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်သည်။

MPT ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက် ဖြစ်သော www.mpt.com.mmသို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar