blank

MPT က ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (မန္တလေး) ၌ မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက် ချိတ်ဆက်မှုများ ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းကို ဆက်လက်ပံ့ပိုးကူညီလျက်ရှိ

Published 05 Nov 2020

(မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း၌ မြန်မာပြည်နှင့် အတူရှိနေမည့် MPT ဆိုသည့် ကတိကဝတ်အတိုင်း ဆောင်ရွက်လျက်ရှိနေ)

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်) –တာဝန်သိ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် MPT အနေဖြင့် “မြန်မာပြည်နှင့်အတူရှိနေမည့် MPT” ဆိုသည့် ကတိကဝတ်အတိုင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) ဒုတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်း၌ လတ်တလောတွင် ဆောက်လုပ်ထားသည့် ကိုဗစ်-၁၉ ရောဂါကုသရေးဌာန၊ ဧရာဝတီစင်တာ(မန္တလေး) တွင် မြန်နှုန်းမြင့် B2B ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုနှင့် Wi-Fi ချိတ်ဆက်မှုများ တပ်ဆင်ပေးခြင်းဖြင့် လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များကို လုပ်ဆောင်လျက်ရှိကာ ယခုအပတ်အတွင်းပြီးစီးအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဥ်များ၏ တစ်စိတ်တစ်ဒေသအဖြစ် ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနသစ် ဧရာဝတီစင်တာ(မန္တလေး) ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန (MOHS) မှ ဧရာဝတီဖောင်ဒေးရှင်း၏ ပံ့ပိုးကူညီမှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဤစင်တာတွင် အထူးကြပ်မတ်ကုသမှုအတွက် ICU ကုတင် (၁၀၀) အပါအဝင် အတည်ပြုလူနာအရေအတွက် အယောက် (၂၀၀) ဦးကို လက်ခံကုသပေးနိုင်မည် ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက်လည်း လိုအပ်သည့် အသုံးအဆောင်နှင့် နေရာထိုင်ခင်းများ ပါဝင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာနှင့် အသွားအလာ ကန့်သတ်ဆောင်ရွက်မှု နေရာ (၆၀) ကျော်၌ မြန်နှုန်းမြင့်အင်တာနက် ဆက်သွယ်မှုများကို ထောက်ပံ့ပေးခြင်း အပြင် ငွေသားနှင့် အခြားသော လှူဒါန်းမှုများကို ဆောင်ရွက်လျက်ရှိကာ COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကို ရှေ့တန်းမှဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့၀န်ထမ်းများ၊ မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းများနှင့် မြန်မာပြည်သူပြည်သားများအား တစ်ဖက် တစ်လမ်းက ကူညီထောက်ပံ့ပေးလျက် ရှိသည်။

MPT-KSGM JO မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima က “အခု မန္တလေးမြို့မှာ အသစ်ဖွင့်လှစ်မယ့် ကိုဗစ်-၁၉ ရောဂါကုသရေးဌာနသစ်ဖြစ်တဲ့ ဧရာဝတီစင်တာ အတွက် မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက် ချိတ်ဆက်မှုကို ကူညီပံ့ပိုးပေးခြင်းဟာ ကျွန်တော်တို့ MPT ရဲ့ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လိုအပ်သလို ကူညီထောက်ပံ့ ပေးသွားမယ်ဆိုတဲ့ သန္နိဌာန်ကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ အခြေအနေတွေကြောင့် စိတ်ချယုံကြည်ရတဲ့ အင်တာနက် ချိတ်ဆက်မှု ရရှိနိုင်ရေးဟာ မြန်မာနိုင်ငံအတွက် အရင်ကထက် ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စရပ်တစ်ခု ဖြစ်လာတယ်ဆိုတာကို ကျွန်တော်တို့ နားလည် သဘောပေါက်ပါတယ်။ ဒါ့ကြောင့်လည်း MPT အနေနဲ့ နိုင်ငံတစ်ဝန်းမှာ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေ၊ ကျန်းမာရေးဌာနတွေ၊ လူမှုအဖွဲ့အစည်းတွေ အပြင် မြန်မာ့ လူမှုအသိုက်အဝန်း တစ်ခုလုံးနဲ့ အတူတကွရပ်တည်ပြီး အခုလို ခက်ခဲတဲ့အချိန်ကာလအတွင်းမှာ အားလုံးအတွက် မရှိမဖြစ် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို ဖြည့်ဆည်း ဆောင်ရွက်လိုက်တာပဲ ဖြစ်ပါတယ်” ဟု ပြောကြားသွား ခဲ့သည်။

MPT သည် ကိုဗစ်-၁၉ ပထမလှိုင်း ကာလအတွင်း SMS ဖြင့် ပေးပို့လှူဒါန်းနိုင်သည့် အစီအစဥ်မှ MPT သုံးစွဲသူများထံမှ လက်ခံရရှိသည့် လှူဒါန်းငွေကျပ် သိန်း (၂၀၀) ကျော်နှင့် အတူ MPT မှ ထပ်ဆောင်း အလှူအဖြစ် ငွေကျပ်သိန်း (၁,၀၀၀) ကို ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီထံသို့ လှူဒါန်းခဲ့ပြီး ဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အသွားအလာကန့်သတ် ဆောင်ရွက်ထားရှိသော စင်တာများသို့ MPT ဖုန်းငွေဖြည့်ကတ်များ လှူဒါန်းခြင်းနှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ မိဘမဲ့ကလေး စောင့်ရှောက်ရေးဂေဟာများသို့ အခြေခံ စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခြင်း တို့ကိုလည်း ပြုလုပ်ခဲ့သည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် လှူဒါန်းလိုသူ MPT သုံးစွဲသူ ပြည်သူများအတွက် SMS ဖြင့် ပေးပို့လှူဒါန်းနိုင်သည့် အစီအစဉ်ကို အောက်တိုဘာလ (၃) ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ် ထားပြီးလည်း ဖြစ်သည်၊၊

MPT အနေဖြင့် နိုင်ငံတစ်ဝန်းရှိ မိမိတို့၏ လုပ်ငန်းဌာနများအားလုံးတွင် လုံခြုံစိတ်ချရသော လုပ်ငန်းလည်ပတ်မှုများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကာ မိမိတို့၏ လုပ်ငန်းစဥ်များ အားလုံးကို အပြည့်အဝလည်ပတ် လုပ်ဆောင်နိုင်ရန်အတွက်လည်း ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် မိုဘိုင်းလ်ဖုန်းကို အသုံးပြုကာ မိမိတို့၏ အကောင့်များနှင့် ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်းကို အသုံးပြုပြီး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ပါသည်။ အသေးစိတ် ထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာ ဖြစ်သည့် www.facebook.com/mptofficialpage တို့တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

MPT ၏ နိုင်ငံတစ်ဝန်းလူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်သည့် သတင်းအချက်အလက် များအား ပိုမိုသိရှိလိုပါက http://mpt.com.mm/en/about-home-en/csr-activities/ သို့ ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

best operator in Myanmar