blank

MPT-MCF မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၉ ၏ နောက်ဆုံးအဆင့် ပြိုင်ပွဲမှ မြန်မာနိုင်ငံ၏ အနာဂတ်မျိုးဆက်သစ် နည်းပညာစွန့်ဦးတီထွင်လူငယ်များ ပေါ်ထွန်းလာ

Published 11 Feb 2019

(ရန်ကုန်၊ ၂၁၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်) MPT နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၉ အတွက် အနိုင်ရရှိသူများကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြေညာနိုင်ခဲ့ပြီ ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးရှိ ရာပေါင်းများစွာသော ရည်မှန်းချက်ကြီးမားသူများထဲမှ နောက်ဆုံးအဆင့်သို့တက်လှမ်းနိုင်ခဲ့သော ပြိုင်ပွဲဝင် အဖွဲ့ (၁၀) ဖွဲ့ သည် ၎င်းတို့၏ စီးပွားရေးအဆိုပြုချက်များအား တတ်သိပညာရှင်များဖြစ်သည့် အကဲဖြတ်ဒိုင်လူကြီးများ၏ ရှေ့တွင် ခိုင်မာကျစ်လစ်သည့် စီးပွားရေးအမြင်များနှင့် ထူးခြားသည့် ထုတ်ကုန်အဆိုပြုချက်များအား တင်ပြနိုင်ခဲ့ကြပြီးနောက် အနိုင်ရရှိသူများအဖြစ် အဖွဲ့ (၃) ဖွဲ့ကို ရွေးချယ်ခဲ့ပြီး ဖြစ်သည်။

အနိုင်ရရှိသော အဖွဲ့ (၃) ဖွဲ့မှာ Idea Capsule ၊ WMM နှင့် Blue Frog အဖွဲ့များ ဖြစ်သည်။ Idea Capsule အဖွဲ့သည် အွန်လိုင်းမှတစ်ဆင့် ထီလက်မှတ်ရောင်းချသည့် Lottery Palace App ကိုတင်ပြခဲ့ပြီး ယှဉ်ပြိုင်မှုကာလတစ်လျှောက်တွင်လည်း စိတ်ဝင်တစားအားပေးမှုကို ရရှိခဲ့ကြသည်။ ယှဉ်ပြိုင်မှုကာလ အတွင်း ထီလက်မှတ်များစွာကိုလည်း ယင်း Lottery Palace အက်ပလီကေးရှင်း မှတစ်ဆင့် ရောင်းချခဲ့ပြီး ထီဆုဆွတ်ခူးသူ ၆ ဦးထိ ရှိထားပြီးလည်းဖြစ်သည်။ နောက်ထပ်ဆုရအဖွဲ့တစ်ဖွဲ့ဖြစ်သော WMM အဖွဲ့၏ ပရောဂျက်သည် ၎င်းတို့ ၏နာမည်အတိုင်း စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစက် ထုတ်လုပ်ခြင်း (WMM) ပင်ဖြစ်သည်။ မြို့ပြဒေသများတွင် စွန့်ပစ်အမှိုက်များအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရည်ရွယ်ချက်ဖြင့် ပြန်လည်အသုံးချနိုင်စေမည့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစက် ထုတ်လုပ်ခြင်း စက်ကိရိယာ ဖြစ်ပြီး လက်ရှိလုပ်ဆောင်နေသော မြို့ပြသန့်ရှင်းရေးလုပ်ငန်းများတွင် အသုံးချနိုင်သည်။ ၎င်းစက်ကိရိယာကို အသုံးပြု၍ အမှိုက်စွန့်ပစ်သူများအတွက်လည်း မိမိတို့စွန့်ပစ်သည့် ပမာဏ အလိုက် တယ်လီဖုန်းငွေပြန်ဖြည့်သွင်းပေးသည့် လုပ်ဆောင်ချက်ပါဝင်ပြီး စည်းကမ်းတကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကိုလည်း အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။ Blue Frog အဖွဲ့သည် AR/VR စနစ်ဖြင့် တိုင်းရင်းသားစာပေများကို လေ့လာသင်ယူသည့် LEL (Learning Ethic Language) အက်ပလီကေးရှင်းကို တင်ပြခဲ့ပြီး နိုင်ငံသားများအချင်းချင်း ပိုမိုနီးကပ်လာစေရန် အထောက်အပံ့ပေးထားသည်။ ၎င်းအက်ပလီကေးရှင်းကို သုံးစွဲသူများအနေဖြင့် တိုင်းရင်းသားလူမျိုုးများ၏ ဘာသာစကားများ ၊ ယဉ်ကျေးမှုဓလေ့များကို ယင်းအက်ပလီကေးရှင်းမှတစ်ဆင့် လေ့လာနိုင်သည်။

ယခုအစီအစဉ်တွင် နိုင်ငံအဝှမ်းမှ မတူကွဲပြားသော စီပွားရေးဆိုင်ရာ အတွေးအခေါ်များ နှင့် ထုတ်ကုန်သစ်များကို အဖွဲ့ (၁၁၀) ဖွဲ့မှ တင်ပြခဲ့ကြပြီး အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့မှ အဖွဲ့ပေါင်း (၃၀) သည် ဆန်ခါတင် အဆင့်သို့ရောက်ရှိခဲ့ကြသည်။ ထိုမှတစ်ဆင့် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်မှ အဖွဲ့ (၅) ဖွဲ့ စီ ၊စုစုပေါင်း (၁၀) ဖွဲ့ အား စိစစ်ရွေးချယ်ပြီး ၎င်းတို့၏ တင်ပြလာသော ဖျော်ဖြေရေး၊ လူမှုနည်းပညာ၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနှင့် ကွန်ရက်ချိတ်ဆက်ထုတ်ကုန်နည်းပညာ (IoT) ဆိုင်ရာ ပရောဂျက်များကို သက်ဆိုင်ရာတတ်သိ ပညာရှင်များ၏ လမ်းညွှန်ချက်များဖြင့် အထောက်အကူရရှိစေရန် စီစဉ်ပေးခဲ့သည်။

MPT သည် နယ်ပယ်ကဏ္ဍအသီးသီး တွင်ရှိသော မျိုးဆက်သစ်လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကပံ့ပိုးပေးလျက်ရှိပြီး ယခု နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်သည် MPT မှ အထူးအလေးထား ဆောင်ရွက်နေသော နည်းပညာကဏ္ဍတွင် စွန့်ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်းငယ်များ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် နေ့စဉ်လူနေမှုဘဝများ ပိုမိုချောမွေ့ လာစေရန် လုပ်ဆောင်နေမှုများအတွက် အဓိက ကျသော ဒေါက်တိုင်တစ်ရပ်အဖြစ်ပါ ဝင်ပါသည်။

MPT-KSGM Joint Operations ၏ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino က “လျောက်လွှာတွေ စတင်လက်ခံခဲ့တဲ့နေ့ကနေစပြီး အနိုင်ရရှိသူကိုရွေးချယ်တဲ့ အဆင့်အထိ ပြိုင်ပွဲဝင် အားလုံးအနေနဲ့ တကယ့်ခရီးရှည်ကြီးကို ဖြတ်သန်းလာခဲ့ကြရပါတယ်။ ထူးခြားတဲ့အကြံဉာဏ်တွေ ကနေတစ်ဆင့် နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်ကူညီရင်း၊ လူမှုအဖွဲ့အစည်းကို ပိုမိုကောင်း မွန်အောင် လုပ်ဖို့ ပြင်းပြတဲ့ဆန္ဒကို ပြသခဲ့ကြတဲ့ ဒီလူငယ်တွေရဲ့ အရည်အချင်း၊ ကြိုးစားအားထုတ်မှု၊ တစိုက်မတ်မတ် လုပ်ဆောင်မှုတွေကို MPT အနေနဲ့ အသိအမှတ်ပြုပါတယ်”ဟု ပြောကြားခဲ့သလို “MPT အနေနဲ့ သူတို့ရဲ့ အရည်အချင်းတွေကို အပြည့်အဝထုတ်ဖော်နိုင်ဖို့နဲ့ စီးပွားရေးအရ အောင်မြင်မှုရှိလာစေဖို့ အတွက် အကူအညီပေးသွားမှာပါ” ဟုလည်း ထပ်မံ ပြောကြားသွားခဲ့သည်။

ယခုနှစ် အစီအစဉ်တွင် နောက်ဆုံးအဆင့် ရွေးချယ်မှုအတွက် အကဲဖြတ်ဒိုင်လူကြီးများအဖြစ် ထိပ်တန်းစွန့်ဦးတီထွင် နည်းပညာရှင်များ၊ နယ်ပယ်အသီးသီးမှ ထင်ရှားသူများ၊ စီးပွားရေးနယ်ပယ် အသီးသီးမှ ဦးဆောင်သူများ ဖြစ်သော ဒေါက်တာထွန်းသူရသက် ( ဒု ဥက္ကဌ MCF ) ၊ ဒေါ်ဝင်းဝင်းတင့် ( ဥက္ကဌ ၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း) ၊ ဦးအောင်ကျော်မိုး ( ဒု ဥက္ကဌ ၊ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်း) ၊ ဒေါ်ခင်သက်မော် ( တွဲဖက်အတွင်းရေးမှူး ၊ မြန်မာအမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း) ၊ ဒေါ်ချိုသီရိမောင် ( CEC ၊ မြန်မာအမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ) ၊ ဒေါက်တာမေပြည့်စုံကြွယ် ( CEC နှင့် Regional Committee Chair မြန်မာအမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ) နှင့် ဦးအောင်အောင် ( EC ၊ MCPA ) တို့က ဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဥက္ကဌ ဦးမင်းဇေယျာလှိုင်မှလည်း “ဒါဟာ ကျွန်တော်တို့အဖွဲ့နဲ့ MPT တို့ ပူးပေါင်းပြီး နည်းပညာစွန့်ဦးတီထွင်အစီအစဉ်ကို လုပ်ခဲ့တာ ဒုတိယမြောက်နှစ်ပါ။ လူငယ်တွေဆီက တကယ့်စစ်မှန်တဲ့ အရည်အချင်းတွေကို ဖော်ထုတ်ခွင့်ရတဲ့ စိတ်လှုပ်ရှားမှုဟာ တကယ့်ကို ကြီးမားပါတယ်။ တကယ်လို့သာ ဒီလမ်းကြောင်းပေါ်မှာ ဆက်ပြီး အာရုံစိုက်သွားကြမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ ရဲ့ တောက်ပတဲ့အနာဂတ်ကို ခန့်မှန်းလို့ရလာမှာပါ။ MCF အနေနဲ့ MPT နဲ့ ပူးပေါင်းပြီး၊ အခုလို ပြိုင်ပွဲတွေက နေတစ်ဆင့် ထူးချွန်သူတွေ ဆက်လက်မွေးထုတ်သွားမယ်၊ လူငယ်တွေရဲ့ စွမ်းအားကို ဆက်လက်ရယူသွားမယ်ဆိုရင် လက်ရှိမျိုးဆက်၊ အနာဂတ်မျိုးဆက်တွေအတွက် ရေရှည်မှာ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေကို ဖန်တီးပေးနိုင်မယ့်နေရာတစ်ခုကို ကျွန်တော် တို့ ပေးလိုက်နိုင်မှာပါ”ဟု ပြောကြားခဲ့သည်။

၎င်းတို့၏ ကြိုးပမ်းချက်များအတွက် အဖွဲ့ (၃) ဖွဲအနေဖြင့် ရင်းနှီးမြှပ်နှံငွေအဖြစ် ငွေကျပ်သိန်း ၈၀ ကို လက်ခံရရှိနိုင်မည့်အပြင်၊ MCF ၏ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု စင်တာဖြစ်သော Kanaung Hub တွင် အလုပ်လုပ်ကိုင်ရန်အတွက် အခမဲ့ရုံးခန်းနေရာကိုလည်း (၆) လတာအတွက် အသုံးပြုခွင့် ရရှိမည် ဖြစ်သည်။ နောက်ဆုံးအဆင့်သို့တက်လှမ်းခဲ့သည် ကျန်ရှိသော အဖွဲ့ (၇) ဖွဲ့အနေဖြင့် ဆုကြေးငွေ အဖြစ် ကျပ် (၅) သိန်းနှင့် ဂုဏ်ပြုလက်မှတ်များရရှိခဲ့ပါသည် ။

ဆုရရှိခဲ့သော အသင်း (၃) သင်းထဲမှ Blue Frog ၏ ခေါင်းဆောင်ဖြစ်သူ ကိုစောလဲယဂေါ် က “ ဒီပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ ပွဲကိုစီစဉ်ပေးတဲ့ Organizer တွေ ၊ ဆုချီးမြှင့်ပေးတဲ့ ဒု ဝန်ကြီး ၊ အတူတူပြိုင်ပွဲဝင်ခဲ့ကြတဲ့သူငယ်ချင်းတွေ ၊ သင်ကြားပြသပေးခဲ့ကြတဲ့ ဆရာတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး အခုလိုအခွင့်အလမ်းတွေကိုဖြစ်ပေါ်စေတဲ့ ဘုရားသခင်ကို လည်း ကျေးဇူးတင်ပါတယ်။ အခု လတ်တလောမှာ လုပ်လက်စဖြစ်တဲ့ ကရင် ဘာသာစကား ကို AR/VR နည်းပညာတွေနဲ့လေ့လာနိုင်အောင် ကြိုးစားနေပြီး ရှမ်း ၊ ရခိုင် ဘာသာစကား တို့ကိုလည်း ဆက်ပြီး လုပ်သွားဖို့ရှိပါတယ်။ တိုင်းရင်းသားအားလုံးအတွက်အကျိုးရှိစေမယ့် အက်ပလီကေးရှင်း တစ်ခုဖြစ်အောင် လုပ်ဆောင်သွားမှာပါ “ ဟုပြောကြားခဲ့သည်။

best operator in Myanmar