pr-mm-desktop

MPT က လူငယ်များ၏ လက်တွေ့လုပ်ငန်းခွင်စွမ်းရည် မြှင့်တင်ပေးမည့် ၂၀၂၆ ခုနှစ် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင်လေ့လာရေးနှင့် သင်ကြားရေးအစီအစဉ်ကို အောင်မြင်စွာဆောင်ရွက်ခဲ့

Published 29 Jun 2026

[ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်] – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT  သည် ပညာရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသော နည်းပညာတက္ကသိုလ်များရှိ အင်ဂျင်နီယာ ကျောင်းသား/ ကျောင်းသူများအား လုပ်ငန်းခွင်အတွင်း အသုံးပြုနေသော နည်းပညာများနှင့် တက္ကသိုလ်မှ သင်ကြားခဲ့သော ဘာသာရပ်များအား လက်တွေ့အသုံးချနယ်ပယ်တွင် အသုံးပြုနေမှုများကို သိရှိစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင်လေ့လာရေးနှင့် သင်ကြားရေးအစီအစဉ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၆) ခုရှိ MPT ရုံးများတွင် ဧပြီလမှ  ဇွန်လအထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယခုအစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၃,၀၀၀ နီးပါးကို လိုအပ်သော နည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များကို တစ်ဖက်တစ်လမ်းမှ ပြုစုပျိုးထောင်ပေးလျက် ရှိပါသည်။ ယခုနှစ်တွင် နေပြည်တော်ကောင်စီ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ သက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (၁၁) ခုမှ နောက်ဆုံးနှစ် ကျောင်းသား/ ကျောင်းသူ (၈၂) ဦးကို သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ကျောင်းသား/ ကျောင်းသူများအနေဖြင့် တယ်လီကွန်းဆက်သွယ်ရေး နည်းပညာများဖြစ်သည့် Microwave၊ DWDM (Dense Wavelength Division Multiplexing)၊ FTTX စသည့် ဆက်သွယ်ရေးနည်းပညာ သင်တန်းများ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး (HSE) သင်တန်း၊ သတင်းအချက်အလက်လုံခြုံရေး သင်တန်းများ၊ လုပ်ငန်းခွင်နှင့် သက်ဆိုင်သော အသိပညာများကို  စာတွေ့လက်တွေ့ လေ့လာသင်ယူခဲ့ကြပြီး ဖြစ်ပါသည်။ ထို့အပြင် ရန်ကုန်ရုံးချုပ်ရှိ ကျောင်းသား/ ကျောင်းသူများသည် လုပ်ငန်းခွင် လေ့လာရေးအဖြစ် Satellite Earth Station၊ Transmission စနစ်များနှင့် Call Center လုပ်ငန်းခွင်များကိုလည်း သွားရောက်လေ့လာခဲ့ကြပြီးဖြစ်ပါသည်။

“MPTရဲ့ ရည်မှန်းချက်က အကောင်းဆုံး ဆက်သွယ်ရေးကွန်ရက်တွေ ပံ့ပိုးပေးရုံတင်မကဘဲ နိုင်ငံရဲ့ အနာဂတ်ကို ဦးဆောင်မယ့် လူငယ်နည်းပညာရှင်တွေကို ပြုစုပျိုးထောင်ပေးဖို့လည်း တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ ဒီနေ့ခေတ် တယ်လီကွန်းကဏ္ဍဟာ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတာဖြစ်လို့ ကျောင်းသား/ ကျောင်းသူလူငယ်တွေအနေနဲ့ စာတွေ့သာမက လက်တွေ့လုပ်ငန်းခွင်က စိန်ခေါ်မှုတွေ၊ နည်းပညာအသစ်တွေကို အခုလို ကျောင်းသားဘဝကတည်းက ကြိုတင်ထိတွေ့ခွင့်ရတာဟာ သူတို့ရဲ့ အနာဂတ်အသက်မွေးဝမ်းကျောင်းအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်စေမှာပါ။ ၂၀၁၈ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ဒီအစီအစဉ်ကနေ အခုဆို ကျောင်းသား/ ကျောင်းသူ ၃,၀၀၀ နီးပါးကို အရည်အသွေးမြှင့်တင်ပေးနိုင်ခဲ့လို့ အတိုင်းမသိ ဂုဏ်ယူမိပါတယ်” ဟု MPTJO ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Hiroyuki OKAI က ပြောကြားခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ တက်ရောက်ခဲ့သည့် နောက်ဆုံးနှစ်ကျောင်းသူ မခိုင်ခိုင်ထွန်း ကလည်း “ ကျွန်မတို့ တက္ကသိုလ်မှာ စာတွေ့ပဲ သင်ခဲ့ရတဲ့ ဆက်သွယ်ရေးနည်းပညာတွေ၊ Network စနစ်တွေက တကယ့်လုပ်ငန်းခွင်မှာ ဘယ်လို အလုပ်လုပ်နေလဲဆိုတာကို ဒီ အလုပ်သင်ကာလအတွင်းမှာ မျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ်။ MPT က ဝါရင့်အင်ဂျင်နီယာ အစ်ကို၊ အစ်မတွေကလည်း စနစ်တကျ လမ်းညွှန်ပေးခဲ့ကြပါတယ်။ ဒီ အတွေ့အကြုံက ကျွန်မတို့ရဲ့ အနာဂတ်မှာ အလုပ်ခွင်ဝင်ဖို့အတွက် ယုံကြည်မှုတွေ အများကြီး တိုးတက်စေခဲ့ပါတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ပြောကြားခဲ့ပါသည်။

MPT အနေဖြင့် လုပ်ငန်းလည်ပတ်သည့် ကဏ္ဍများအားလုံးတွင် မျိုးဆက်သစ်လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်အလေးထားဆောင်ရွက်လျက်ရှိပါသည်။ သိသာထင်ရှားသည့် အားထုတ်မှုတစ်ခုအဖြစ် အီလက်ထရွန်းနစ် နည်းပညာသုံးပညာရေး ပလက်ဖောင်းအစီအစဉ် https://csrelearning.mpt.com.mm/  မှတစ်ဆင့် မြန်မာနိုင်ငံရှိ  ပညာသင်ကြားလိုသူ လူငယ်များ ဒေတာကုန်ကျစရိတ်နှင့် သင်တန်းကြေး ပေးရန်မလိုဘဲ အခမဲ့လေ့လာသင်ယူနိုင်မည့် ပညာရေးအစီအစဉ်ကိုလည်း ဆောင်ရွက်ထားပါသည်။

MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း 106 Call Center သို့သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့်လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။

ကျောင်းသား/သူများ MPT ၏ ၂၀၂၆ ခုနှစ် လုပ်ငန်းခွင် အလုပ်သင်အစီစဉ်တွင် လက်တွေ့သင်တန်း လေ့လာသင်ယူနေစဉ်

best operator in Myanmar