latest news

SMS မှတစ်ဆင့် လှူဒါန်းငွေများကို နေပြည်တော်နှင့် ရခိုင်ပြည်နယ်တို့တွင် လှူဒါန်းငွေပေးအပ်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပခဲ့

Published 30 Nov 2016

မြေငလျင်သင့်ဒေသများတွင် ပြန်လည်ပြုပြင်မွွမ်းမံမှုများ ပြုလုပ်ရန်အတွက် ကျပ်ငွေ ၁၅၂,၁၃၆,၅၀၀ ကို MPT သုံးစွဲသူ မိဘပြည်သူများ၏ SMS မှ တစ်ဆင့် သဒ္ဓါတရားထက်သန်စွာ လှူဒါန်းမှုကို လက်ခံရရှိခဲ့ပါသည်။

(ရန်ကုန်၊ နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၁၆ ခုနှစ်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် မြေငလျင်သင့်ဒေသများတွင် ပြန်လည်ပြုပြင်မွွမ်းမံမှုများ ပြုလုပ်ရန်အတွက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်မှ အောက်တိုဘာလ ၃၁ ရက် အထိ MPT ၏ မိုဘိုင်းဖုန်းသုံးစွဲသူများက SMS မှတစ်ဆင့် လှူဒါန်းမှုပေါင်း အကြိမ် ၃၀၀,၀၀၀ ကျော်မှ စုစုပေါင်း ၁၅၂,၁၃၆,၅၀၀ ကျပ်တိတိကို လက်ခံရရှိခဲ့ပြီး အဆိုပါ လှူဒါန်းငွေများကို နေပြည်တော်နှင့် ရခိုင်ပြည်နယ် မြောက်ဦးတို့တွင် ယနေ့ လှူဒါန်းငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများ ပြုလုပ်ပြီး လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

အဆိုပါ SMS မှတစ်ဆင့် ရရှိသောလှူဒါန်းငွေများအားလုံးကို ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပုဂံဒေသနှင့် မြောက်ဦးဒေသရှိ စေတီပုထိုးများ ပြန်လည် ပြုပြင်မွမ်းမံမှုများတွင် အသုံးပြုနိုင်ရန်အတွက် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ် စေတီပုထိုးများကို ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများထံသို့ MPT မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုကို သုံးစွဲသူများ၏ SMS မှတစ်ဆင့် လှူဒါန်းငွေများကို MPT မှ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဦးခင်မောင်ထွန်းက နိုဝင်ဘာလ (၃၀) ရက်နေ့က လွှဲပြောင်း ပေးအပ်ခဲ့ ပါသည်။

“MPT အသုံးပြုသူတွေရဲ့ သဒ္ဓါတရားထက်သန်မှုကြောင့် အလွန်အရေးပါတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ အမှန်တကယ်လိုအပ်တဲ့ အလှူဒါနပြုမှုမှာ အခုလို အထောက်အပံ့ ပေးနိုင်ခဲ့တာပါ” ဟု ဦးခင်မောင်ထွန်း က ပြောကြားသည်။
“MPT ရဲ့ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုကို အသုံးပြုသူတွေရဲ့ SMS ကတစ်ဆင့်ပြုလုပ်တဲ့ လှူဒါန်းမှုအစုစုကို အားလုံးကိုယ်စား ပေးအပ်ခွင့်ရတဲ့အတွက် အလွန်ကိုပဲ ဂုဏ်ယူမိပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးသွားတဲ့ ပုဂံဒေသနဲ့ ရခိုင်ပြည်နယ်က စေတီပုထိုးတွေကို ပြုပြင်ဖို့အတွက် လှူဒါန်းငွေစုစုပေါင်း ကျပ် သိန်း ၁,၅၀၀ ကျော်ကို ရရှိခဲ့ပါတယ်။ ဒီလှူဒါန်းမှုကို နောင်လာနောက်သား မျိုးဆက်သစ်တွေအတွက် သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းရာမှာ အသုံးပြုနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင်လည်း MPT မှ မိုဘိုင်းဆက်သွယ်ရေးကို အသုံးပြုသူများ၏ SMS မှ လှူဒါန်းငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ကျင်းပခဲ့ပြီး ယင်းအခမ်းအနားသို့ ပြန်လည် ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ရတနာ့မာရ်အောင် ဆရာတော်နှင့် ကျောင်းတိုက်နေ သံဃာတော်များအပါအဝင် MPT မှ ဒေသခံ စီမံခန့်ခွဲမှုအဖွဲ့တို့က တက်ရောက်ခဲ့ ကြပါသည်။

ပြည်တွင်း ပြည်ပ သာသနာပြု မြောက်ဦးဆရာတော်၏ ဦးစီးမှုဖြင့် ပြန်လည် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နေသော မြောက်ဦးမြို့ရှိ ရတနာ့မာရ်အောင် ကျောင်းထိုင် ဆရာတော်ဖြစ်သည့် ဘဒ္ဒန္တဇာဂရ ကလည်း “ဒီလို လှူဒါန်းမှုတွွေပြုလုပ်ပေးကြတဲ့ MPT ရဲ့ သုံးစွဲသူတွေကို ကျေးဇူးတင်ပါတယ်။ ဒီအလှူငွေတွေက စေတီပုထိုးတွေ ပြုပြင်ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ အထောက်အကူ ပြုပါတယ်။ ပြည်သူတွေဆီကနေ လှူဒါန်းငွေတွေကို လက်ခံရရှိတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ SMS ကတစ်ဆင့် လှူဒါန်းနိုင်ရန် စီစဉ်ပေးခဲ့တဲ့ MPT နှင့် ပါဝင်လှူဒါန်းခဲ့ကြတဲ့ အလှူရှင်များအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု မိန့်ကြားခဲ့ပါသည်။

လှူဒါန်းမှုနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များနှင့် မှတ်တမ်းဓါတ်ပုံများ၊ လှူဒါန်းငွေပေးအပ်ပွဲများ အကြောင်းကို MPT ၏ ဝက်ဘ်ဆိုက်နှင့် Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

best operator in Myanmar