blank

မြန်မာနိုင်ငံ၏ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာစေမည့် မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၉ ၏ အရွေးချယ်ခံအသင်းများ သဘောတူညီမှု စာချွန်လွှာလက်မှတ်ရေးထိုး

Published 02 Mar 2019

(ရန်ကုန် – ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်) မြန်မာနိုင်ငံ၏ ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သည့် MPT နှင့် မြန်မာနိုင်ငံ၏ ရှေ့ဆောင် ICT အဖွဲ့ချုပ်ဖြစ်သည် MCF တို့ ပူးပေါင်းကျင်းပလျက်ရှိသည့် မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၉ တွင် အနိုင်ရရှိသည့် အသင်း ၃ သင်း အနေဖြင့် စိတ်လှုပ်ရှားဖွယ်ရာ အပြောင်းအလဲများဖြင့် ပြည့်နှက်နေသည့် ICT စီးပွားရေးနယ်ပယ်အတွင်းသို့ အရေးပါသည့် ပထမဦးဆုံးခြေလှမ်းများကို လှမ်းတက်နိုင်ခဲ့ကြပြီဖြစ်ပြီး ယခုအခါ ၎င်းတို့၏ အိပ်မက်များကို အမှန်တကယ် အကောင်အထည် ဖော်နိုင်ကြရန် ခြေလှမ်းသစ်များကို စတင်နိုင်ခဲ့ကြပြီလည်း ဖြစ်ပါသည်။

သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ MICT Park၊ အဆောင် ၁၄၊ Kanaung Hub ၌ မတ်လ ၁ ရက် ၂၁၀၉ ခုနှစ်တွင် ကျင်းပပြီး၊ အနိုင်ရရှိခဲ့သော အသင်းများသည် ဆုကြေးအဖြစ် တစ်သင်းစီအတွက် ကျပ်သိန်း ၈၀ အား ကနဦးရင်းနှီးမြှုပ်နှံငွေအဖြစ် ရရှိမည့်အပြင် MCF ၏ နည်းပညာ နှင့် စီးပွားရေးဆိုင်ရာ ဌာနတစ်ခုဖြစ်သည့် Kanaung Hub တွင်လည်း ၆ လ အခမဲ့ ရုံးခန်းဖွင့်လှစ် အသုံးပြုနိုင်ခွင့်ကိုပါ ရရှိကြမည် ဖြစ်ပါသည်။ ထို့အပြင် အနိုင်ရရှိသည့် အသင်းများသည် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ အခက်အခဲများအတွက် အကြံပြုချက်များ၊ လမ်းညွှန်မှုများကိုလည်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF)၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) တို့မှ အသင်းဝင်များ အပါအဝင် ဝါရင့်စွန့်ဦးတီထွင်သူများ၊ အောင်မြင်သည့် startup လုပ်ငန်းများ၏ တည်ထောင်သူများထံမှ ရရှိနိုင်ကြမည် ဖြစ်ပါသည်။
အနိုင်ရရှိသောအသင်းများအနေဖြင့် ၎င်းတို့၏ ကောင်းမွန်ထက်မြက်သော လုပ်ငန်းစီမံမှုအဆိုပြုချက်များအား ယခုအခါ အမှန်တကယ်အကောင်အထည် ဖော်နိုင်လာကြတော့မည်ဖြစ်ပြီး၊ လက်ရှိဈေးကွက်အတွင်းတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရေးပါသည့် စွမ်းဆောင်နိုင်စွမ်းရှိသည့် လုပ်ငန်းရှင်များ ဖြစ်လာကြလိမ့်မည်ဟု အစီအစဉ်အား ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် MPT နှင့် MCF တို့မှ ကောင်းစွာ ယုံကြည်လျက် ရှိပါသည်။
အနိုင်ရရှိသောအသင်းများ၊ ဆန်ခါတင်စာရင်းဝင် အသင်းများနှင့် ၎င်းတို့၏ စီးပွားရေးအကြံဉာဏ်များကို အောက်တွင် ဖော်ပြပေးထားပါသည်။
Team Idea Capsule မှ တင်ပြလာသည့် Lottery Palace အမည်ရှိ အောင်ဘာလေကို အွန်လိုင်း အသုံးပြု ရောင်းချသည့် စနစ်သည် စမ်းသပ်သုံးစွဲမှုကာလတစ်လျှောက် စိတ်ဝင်စားဖွယ်ရာ မှတ်ချက်များ အမြောက်အများ ရရှိခဲ့ပြီး၊ ထီလက်မှတ်အစောင်ရေ အများအပြား ရောင်းချနိုင်ခဲ့သည့်အပြင်၊ ထီပေါက်သူ ၆ ဦးကိုလည်း စမ်းသပ် ကာလအတွင်း ထွက်ပေါ်အောင်ဆောင်ကျဉ်းပေးနိုင်ခဲ့ပါသည်။ အခြားအနိုင်ရရှိသူအသင်းဖြစ်သည့် WMM မှလည်း Waste Managing Machine (WMM) project ကို တင်သွင်းခဲ့ရာ၊ WMM ၏ အမှိုက်စီမံခန့်ခွဲမှုစက်သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အထောက်အပံ့ သတ်မှတ်ချက်များကို ဆောင်ရွက်နိုင်စွမ်းရှိပြီး၊ လက်ရှိအသုံးပြုလျက် ရှိသည့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု အစီအမံများတွင် လက်ငင်းချက်ချင်း အသုံးချနိုင်စွမ်းလည်း ရှိပါသည်။ အဆိုပါစက်မှာ စနစ်တကျအမှိုက်စီမံခန့်ခွဲမှု အလေ့အထကို တွန်းအားပေးဆောင်ရွက်စေရန် ရည်ရွယ်၍ ကိုက်ညီမှုရှိအောင် ဖန်တီးထားသည့်အတွက် စက်ကိုအသုံးပြုပြီး အမှိုက်ပစ်ကြသူများအနေဖြင့် တယ်လီဖုန်းအသုံးပြုခ top-up ငွေများကို ဆုကြေးအဖြစ် ပြန်လည်ရရှိစေနိုင်မည့် လုပ်ဆောင်ချက်အားလည်း ထည့်သွင်းဖန်တီးထားခြင်း ဖြစ်ပါသည်။ နောက်ထပ်အနိုင်ရရှိသူ အသင်းတစ်သင်းဖြစ်သည့် Team Blue Frog ၏ တိုင်းရင်းသားဘာသာစကားများ သင်ယူမှုအတွက် LEL (Learning Ethic Languages) App သည်လည်း လူအချင်းချင်း ရင်းနှီးခင်မင်မှုများ တိုးပွားလာစေရန်အတွက် AR/VR နည်းပညာကို အသုံးပြုကာ တီထွင်ဆန်းသစ်ထားမှုတစ်ရပ် ဖြစ်ပါသည်။ အဆိုပါ App သည် ကရင်ဘာသာစကား ဖြင့် ကနဦးစတင်ထားပြီး တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဒေသဆိုင်ရာ ဗဟုသုတများကို အသုံးပြုသူများအနေဖြင့် လေ့လာသင်ယူနိုင်စေရန် ထောက်ပံ့ပေးထားခြင်း ဖြစ်ပါသည်။
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Yoshiaki Benino ကလည်း “အနိုင်ရရှိသွားတဲ့ အသင်းတွေရဲ့ ထုတ်ကုန်အဆိုပြုချက်တွေဟာ ကျွန်တော်တို့ဘဝတွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အစိတ်အပိုင်းတွေကို အဖြေရှာပေးထားကြတာ ဖြစ်ပါတယ်။ အခုဆိုရင် ဒီအစိတ်အပိုင်းတွေက ပြဿနာတွေကို နည်းပညာက လက်တွေ့ကျကျ၊ အခက်အခဲမရှိ၊ ဖြေရှင်းပေးနိုင်နေပြီး၊ ကျွန်တော်တို့ဘဝတွေရဲ့ မရှိမဖြစ် အစိတ်အပိုင်း ဖြစ်လာနေပါပြီ။ ဈေးကွက်ထဲမှာ ဒီထုတ်ကုန်တွေဟာ အောင်မြင်နိုင်စွမ်းရှိလာမယ်လို့ ကျွန်တော်တို့အကောင်းဆုံး ရှုမြင်ထားပြီး၊ ပိုအရေးကြီးတဲ့ အချက်အနေနဲ့ ကျွန်တော်တို့ရဲ့ လူမှုအဖွဲ့အစည်းအတွက်ပါ သက်ရောက်မှုကောင်းတွေ ဖြစ်လာစေနိုင်မယ့် အပြင် လူတစ်ချင်းစီအတွက်ရော၊ နိုင်ငံတော်အတွက်ပါ ပြည်သူပြည်သားတွေရဲ့ ဘဝတွေကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ပြောကြားသွားခဲ့ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်ကလည်း “ကျွန်တော်တို့ရဲ့ လူငယ်တွေဟာ စိတ်ကူးစိတ်သန်းတွေနဲ့ ပြည့်လျှံနေသလို၊ သူတို့က နည်းပညာနဲ့ပတ်သက်ပြီး ယဉ်ပါးတဲ့ မျိုးဆက်လည်း ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့က သူတို့ရဲ့အတွေးအခေါ်တွေကို ပြသနိုင်မယ့် နေရာတစ်ခု ဖန်တီးပေးနိုင်မယ်ဆိုရင်၊ ဒီအတွေးအခေါ်တွေကို နည်းပညာပိုင်း၊ ငွေကြေးပိုင်းအရ ထောက်ပံ့နိုင်မယ်ဆိုရင်၊ သူတို့အတွေးအခေါ်တွေ ဘယ်လောက်မြင့်မြင့်မားမား တွေးခေါ်နိုင်ကြမယ်ဆိုတာကို ပြောလိုရနိုင်မှာတောင် မဟုတ်ပါဘူး”ဟု ပြောကြားခဲ့ကာ “ကျွန်တော်တို့က အခုဆိုရင် သူတို့ရဲ့ ထုတ်ကုန်တွေအတွက် အမှတ်တံဆိပ်တွေကို မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်ကို စတင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ပေးတာကြောင့် သူတို့အနေနဲ့ သူတို့ကိုယ်သူတို့ တကယ့်လုပ်ငန်းရှင် စီးပွားရေးသမားတွေအဖြစ် ဂုဏ်ယူနိုင်နေကြမှာ ဖြစ်သလို၊ နောက်လာမယ့် အဆင့်တွေအတွက် ပိုပိုပြီးကောင်းအောင် လုပ်ချင်စိတ်တွေကိုလည်း မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။”ဟု ထပ်လောင်း ပြောကြားခဲ့ပါသည်။

အနိုင်ရရှိသည့်အသင်းများမှ အသင်းခေါင်းဆောင်များမှလည်း ယခုကဲ့သို့ ရွေးချယ်ခံရမှုအတွက် ၎င်းတို့၏ ဂုဏ်ယူဝမ်းမြောက်ကျေးဇူးတင်စကားများကိုလည်း အသီးသီးပြောကြားခဲ့ကြပြီး၊ ၎င်းတို့၏ ထုတ်ကုန်များ၏ အကျိုးရလဒ်များအား ဂုဏ်ယူမှုအပြည့်ဖြင့် ရှင်းလင်းတင်ပြခဲ့ကြပါသည်။

Idea Capsule အဖွဲ့၏ခေါင်းဆောင်ဖြစ်သူ ကိုမြတ်လင်းသူမှ “ကျွန်တော်တို့ ပရောဂျက်ရဲ့ အိုင်ဒီယာက လမ်းပေါ်မှာ လှည်းနဲ့ထီရောင်းနေတဲ့သူဆီကနေ စရလာတာပါ။ အဲဒီကမှ ဒီအိုင်ဒီယာကို အကောင်အထည်ဖော်ဖြစ်တာပါ။ အခုဆိုရင် ဒီ app သုံးတဲ့သူ ၇၀၀ ကျော်ရှိပြီး၊ ထီပေါက်တဲ့သူလည်း ၆ ယောက်ရှိသွားပါပြီ။ ဒါက စမ်းသပ်ကာလအစကနေစလို့ အခုအထိပါ။ မန္တလေးဈေးကွက်ကို ဝင်ရောက် နိုင်ဖို့ဆိုတာက ကျွန်တော်တို့ရဲ့ ထိပ်တန်းဦးစားပေးရည်မှန်းချက်တစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့အခုက စပြီး ဒီဈေးကွက်အတွက် ဈေးကွက်သုတေသနတွေ စလုပ်နေပါပြီ”လို့ ပြောသွားခဲ့ပါသည်။

Blue Frog အသင်းမှ ခေါင်းဆောင်ဖြစ်သူ ကိုစောလဲယဝေါ်မှလည်း “လက်ရှိမှာ ကျွန်တော်တို့ App အတွက် ကရင်ဘာသာစကားကို စဉ်ဆက်မပြတ် ဆက်လုပ်နေပါတယ်။ AR/VR နည်းပညာတွေသုံးပြီးတော့ပါ။ အခုဆိုရင် နေ့စဉ်သုံးစကားရပ်တွေအတွက် ရာခိုင်နှုန်းတော်တော်များများ သုံးလို့ရနေပါပြီ။ ရှေ့လုပ်ငန်းစဉ်အတွက်တော့ ရှမ်းနဲ့ ရခိုင်ဘာသာစကားတွေကို မကြာခင်ဆက်လုပ်သွားမှာပါ။ အသုံးပြုမှုပမာဏတိုးလာအောင်လည်း လုပ်နေပြီး၊ တိုင်းရင်းသားလူမျိုးတိုင်းအတွက် အသုံးဝင်မှုရှိလာအောင် လုပ်ဆောင်သွားမှာပါ”လို့ ပြောခဲ့ပါသည်။

WMM အသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မနန်းစပယ်ဖြူမှလည်း “လက်ရှိမှာတော့ အသုံးပြုတဲ့သူတွေရဲ့ လိုအပ်ချက်တွေ၊ သုံးတဲ့အခါ ကြုံရတဲ့အခက်အခဲတွေကို လေ့လာနေပါတယ်။ လက်တွေ့မှာ ဒါကလူတိုင်းအတွက် နေ့စဉ်လိုအပ်ချက်တွေပါ။ ဒါပေမယ့် စိန်ခေါ်မှုတွေကတော့ အသုံးပြုတဲ့စက်ရဲ့ စက်လည်ပတ်မှုစနစ်တွေ ဖြစ်ပါတယ်။ အသုံးဝင်မှုဘယ်လောက်ရှိမယ်ဆိုတာကို စစ်ဆေးတာတွေကို App အမှန်တကယ် ဖြန့်ချိမှုမလုပ်ခင် ထပ်ပြီးလုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။ ကနဦးခြေလှမ်းတွေကတော့ လူဦးရေထူထပ်တဲ့နေရာတွေကို ဦးစားပေးပြီး ဆောင်ရွက်သွားမှာပါ”ဟု ပြောခဲ့ပါသည်။

လူမှုအသိုက်အဝန်းအတွင်း တာဝန်ယူမှုကိုအလေးပေး ထားရှိသည့် အဖွဲ့အစည်းတစ်ရပ်အနေဖြင့် MPT သည် မိမိတို့နှင့် ထိစပ်လျက်ရှိသည့် မည်သည့်နေရာဌာန၊ ကဏ္ဍတွင်မဆို လူငယ်မျိုးဆက်သစ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် အာရုံစိုက်လုပ်ဆောင်လျက် ရှိနေပြီး၊ များပြားလှသည့် ဆောင်ရွက်မှုများ အကြားတွင် ရည်မှန်းချက်များချမှတ်ပြီး ခြေလှမ်းများ လှမ်းချီလျက်ရှိပါသည်။ ယခုလို စွန့်ဦးတီထွင်ဖန်တီးသူမျာကို မြေတောင် မြှောက်ပေးသည့် စီအစဉ်သည် MPT မှ အာရုံစိုက်လုပ်ဆောင်နေသည့် ကဏ္ဍများအနက် ပင်မထောက်တိုင်တစ်ခုဖြစ်ပြီး၊ နည်းပညာနယ်ပယ်မှ စွန့်ဦးတီထွင်သူများကို လေ့ကျင့်ပေးခြင်း၊ ဖွံ့ဖြိုးတိုးတက်စေရန် ထောက်ပံ့ကူညီခြင်းများဖြင့် မြန်မာနိုင်ငံရှိ ပြည်သူပြည်သားတိုင်း၏ နေ့စဉ်ဘဝများကို ပိုမိုလွယ်ကူကောင်းမွန်လာစေရန် ထောက်ပံ့ကူညီနေခြင်း ဖြစ်ပါသည်။

MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှုများနှင့် ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အချက်အလက်များ အပြင်၊ MPT ၏ အခြားသော စိတ်ဝင်စားဖွယ် ဝန်ဆောင်မှုနှင့် အရောင်းမြှင့်တင်မှု ဆောင်ရွက်ချက်များအား ပိုမိုသိရှိလိုပါလျှင် ၁၀၆ ကို ဖုန်းခေါ်ဆို၍ဖြစ်စေ၊ www.mpt.com.mm သို့ဝင်ရောက်၍ဖြစ်စေ၊ MPT ၏ တရားဝင် Facebook page https://www.facebook.com/mptofficialpage သို့ ဝင်ရောက်၍ဖြစ်စေ လေ့လာနိုင်မည် ဖြစ်ပါသည်။

best operator in Myanmar