blank

လိုတရ စေတနာကမ်းလက်များ အမည်ရ လှူဒါန်းမှုများပြုလုပ်နိုင်မည့် ဝက်ဘ်ဆို်က်စာမျက်နှာသစ်ကို MPT မှ မိတ်ဆက်

Published 09 Jan 2017

ပရဟိတလူမှုအဖွဲ့အစည်းများထံသို့ လုံခြုံစိတ်ချစွာနှင့် အဆင်ပြေချောမွေ့စွာ လှူဒါန်းနိုင်မည့်
မြန်မာ့ပထမဦးဆုံးသော မိုဘိုင်းဖုန်းဖြင့်အသုံးပြုနိုင်သည့် ဝက်ဘ်ဆိုက်စာမျက်နှာသစ်
(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်) – MPT သည် ပရဟိတလူမှုအဖွဲ့အစည်းများထံသို့ MPT မိုဘိုင်းဖုန်း သုံးစွဲသူများမှတစ်ဆင့် အလှူငွေများထည့်ဝင်နိုင်မည့် “လိုတရ စေတနာကမ်းလက်များ” အမည်ရ ဝက်ဘ်ဆိုက်စာမျက်နှာသစ် မိတ်ဆက်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးဖြစ်သော ဤလှူဒါန်းရေး ဝက်ဘ်ဆိုက်စာမျက်နှာသစ် မှတစ်ဆင့် MPT သုံးစွဲသူများအနေဖြင့် မိမိတို့နှစ်သက်ရာ အစီအစဉ်နှင့်ပတ်သက်ပြီး လှူဒါန်းမှုပြုလုပ်ခြင်းမပြုမီ အဆိုပါ လူမှုအဖွဲ့အစည်းများ၏ လှုပ်ရှားမှုပုံရိပ်များနှင့် အစီအစဉ်များကို ဝင်ရောက်ကြည့်ရှု့နိုင်ကာ မိမိနှစ်သက်သည့် အစီအစဉ်ကို ရွေးချယ်နိုင်မည်ဖြစ်ပါသည်။
အဆိုပါ ဝက်ဘ်ဆိုက််စာမျက်နှာသစ် မိတ်ဆက် ဖွင့်ပွဲအခမ်းအနားသို့ လူမှုအဖွဲ့အစည်း (၁၀) ဖွဲ့ဖြစ်သည့် ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း၊ ဆည်းဆာရိပ် ဂိလာနဘိုးဘွားများရိပ်သာ၊ ပြည်ကြီးခင်အမျိုးသမီးများအဖွဲ့အစည်း၊ ရွှေမင်းသား ဖောင်ဒေးရှင်း၊ လမ်းသစ်ဖောင်ဒေးရှင်း၊ သဘာဝတရားရိပ်သာ(သန်လျင်)၊ လူမှုဖွ့ံဖြိုးတိုးတက်ရေး အသင်းနှင့် ဂျပန်ငြိမ်းချမ်းရေးလေညှင်းလေးများ (Peace Wind) အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များအသီးသီး တက်ရောက်ခဲ့ကြပါသည်။
နာရေးကူညီမှုဝန်ဆောင်မှုမှ စတင်ကာ နွမ်းပါးကလေးငယ်များအတွက် ပညာရေးထောက်ပံ့မှု၊ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု၊ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး၊ ဂိလာနဘိုးဘွားများအတွက် ရိပ်သာများအဆုံး ရည်ရွက်ချက်အသီးသီးဖြင့် ဦးတည်ဆောင်ရွက်နေကြသော ယင်းအဖွဲ့အစည်းများသည် ယခုဆိုလျှင် မိမိတို့၏ ပရဟိတလှုပ်ရှားမှုများအတွက် MPT သုံးစွဲသူများထံမှ လှူဒါန်းမှုများကိုု အဆင်ပြေ လွယ်ကူ ချောမွေ့စွာဖြင့် လက်ခံနိုင်ပြီဖြစ်ပါသည်။
MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Toshitake Amamiya မှ “မြန်မာ လူမျိုးတို့ဟာ အလှူအတန်းနဲ့ပတ်သက်ပြီး ဂုဏ်သတင်းကျော်ဇောကြတယ်၊ လိုအပ်နေတဲ့သူတွေကိုလည်း အမြဲကူညီတတ်ကြတယ်။ ဒီလိုထူးခြားတဲ့ဝက်ဘ်ဆိုက်စာမျက်နှာကနေတစ်ဆင့် အမျိုးမျိုးသော ပရဟိတ လူမှုအကျိုးပြုလုပ်ငန်း တွေကို နိုင်ငံနဲ့အဝှမ်းမှာ ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ နဲ့ MPT သုံးစွဲသူတွေကို ချိတ်ဆက်ပေးမှာ ဖြစ်တဲ့အတွက် သုံးစွဲသူတွေဟာ ခုဆိုရင် မိုဘိုင်းဖုန်းတွေပေါ်ကနေ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် နဲ့ စိတ်ချလက်ချ လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကြီးတွေကို လွှဲပြောင်းပေးသွားမယ့် ရန်ပုံငွေအားလုံးဟာ MPT သုံးစွဲသူတွေဆီက လှူဒါန်းတာဖြစ်တဲ့အတွက် မြန်မာလူမျိုးတို့ရဲ့ အလှူအတန်းရက်ရောမှုကို ဖော်ပြနေသလိုပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
MPT သုံးစွဲသူများသည် “လိုတရ စေတနာကမ်းလက်များ” လူမှုအကျိုးပြုလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုသိရှိလို၍ဖြစ်စေ၊ လှူဒါန်းလို၍ဖြစ်စေ အောက်ပါအဆင့်များတိုင်း ဆောင်ရွက်နိုင်ပါသည်။
၁) အင်တာနက်ဖွင့်ပြီး မိုဘိုင်း browser မှတစ်ဆင့် http://helpinghands.foc.lotayamm.com/ သို့ ဝင်ကာ လူမှုအကျိုးပြုလုပ်ငန်းအမျိုးမျိုး၏ အချက်အလက်များကို ရယူနိုင်သော “လိုတရ စေတနာကမ်းလက်များ” စာမျက်နှာသို့ သွားပါ။ (လိုတရဝက်ဘ်ဆိုက်သို့ဝင်ရောက်ပြီ စေတနာကမ်းလက်များ အမည်ရ ပုံနှင့် လင့်မှလည်း ဝင်ရောက်နိုင်ပါသည်။)
၂) အဆိုပါစာမျက်နှာတွင် ပါ၀င်သော လှုပ်ရှားမှုအစီအစဉ်များထဲမှ နှစ်သက်ရာတစ်ခုကို ရွေးချယ်ပြီး မိမိတို့၏ MPT ဖုန်းလက်ကျန်ငွေမှ လှူဒါန်းလိုသော ငွေပမာဏကို ထပ်မံရွေးချယ်ပါ။
၃) ဆက်လက်မလုပ်ဆောင်မီ မိမိရွေးချယ်ထားသော အစီအစဉ်ကုဒ်နံပါတ်နှင့် အလှူငွေပမာဏကို ပြန်လည် စစ်ဆေးပါ။
၄) လှူဒါန်းမှုကို အတည်ပြု/မပြု စာတန်းပေါ်လာပါက အတည်ပြုကြောင်းနှိပ်ပါ။ ထို့နောက် လှူဒါန်းမှုပြီးစီးကြောင်း စာတိုတစ်စောင်ကို သင်၏ MPT ဖုန်းနံပါတ်သို့ MPT မှ ပေးပို့သွားမည် ဖြစ်ပါသည်။ အလှူငွေပမာဏကို မိမိ၏ဖုန်းလက်ကျန်ငွေမှ ဖြတ်တောက်သွားမည် ဖြစ်ပါသည်။ (လှူဒါန်းမှုအတွက် လက်ကျန်ငွေမလုံလောက်ပါက လှူဒါန်းမှုမအောင်မြင်ကြောင်း စာတန်းပေါ်လာမည် ဖြစ်သည်။)
လှူဒါန်းမှုအတွက် အပိုဝန်ဆောင်ခ ထပ်မံပေးဆောင်ရန်မလိုပဲ လှူဒါန်းလိုက်သော ငွေပမာဏအားလုံးသည် မိမိတို့ ရွေးချယ်ထားသော အစီအစဉ်များထံသို့ အပြည့်အဝ တိုက်ရိုက်ရောက်ရှိမည်ဖြစ်သည်။
ဆက်လက်ပြီး Mr. Toshitake Amamiya က “ကျွန်တော်တို့ဟာ တာဝန်သိလုပ်ငန်းတစ်ခုအနေနဲ့ မြန်မာနိုင်ငံက လူမှုအဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီသွားမှာပါ။ ခုလို အစပြုလိုက်တဲ့ ခြေလှမ်းကနေစပြီး နောင်အခါမှာ လိုအပ်လာမည့်ကိစ္စရပ်တွေအတွက် ရန်ပုံငွေအမြောက်အများ ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံရဲ့အကြီးမားဆုံးသော မိုဘိုင်းဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုနေကြတဲ့ ကျွန်တော်တို့ရဲ့ ၂၂ သန်းကျော်သော သုံးစွဲသူများအားလုံးကိုလည်း ကျွန်တော်တို့နဲ့အတူတစ်ကွ ပါ၀င်ပြီးတော့ လိုအပ်နေသေးတဲ့ အခြားသူတွေအတွက် ကောင်းသောအပြောင်းအလဲများ ဖန်တီးပေးကြရအောင်လို့ တိုက်တွန်း အားပေး လိုပါတယ်” ဟု ဆိုပါသည်။
အစီအစဉ်များကို စိတ်ဝင်စာပြီး “လိုတရ စေတနာကမ်းလက်များ” အကြောင်း ပိုမိုသိရှိနိုင်ရန်အတွက် www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage တွင် ၀င်ရောက်လေ့လာနိုင်ပြီး MPT ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

best operator in Myanmar