blank

သန့်ရှင်းပြည့်ဖြိုးရေအကျိုး အစီအစဉ်မှတစ်ဆင့် ပိုမိုများပြားသည့် လူမှုအသိုက်အဝန်းများ အတွက် သန့်ရှင်းသော သောက်သုံးရေကို MPT က ဖြည့်ဆည်းပေး

Published 29 Jan 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က မိတ်ဖက် လူမှုအဖွဲ့အစည်းများဖြစ်သော Network Activities Group (NAG) ၊ Bridge Asia Japan (BAJ) တို့နှင့်အတူ လက်တွဲပူးပေါင်း၍ သောက်သုံးရေရရှိရန် အခက်အခဲကြုံနေရသည့် ဒေသများမှ လူမှုအသိုက်အဝန်းများအတွက် “သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်” ကို ဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းသော သောက်သုံးရေရရှိစေရန် ဆောင်ရွက်ပေးခြင်းနှင့် ၎င်းဒေသအတွင်းရှိပြည်သူများ ကျန်းမာရေးပိုမိုတိုးတက် ကောင်းမွန်လာစေရန် ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ယခုအစီအစဉ်တွင် စက်ရေတွင်းများတူးဖော်ခြင်းနှင့် တည်ဆောက်ခြင်း အစီအစဉ်များပါဝင်မည်ဖြစ်ရာ လူပေါင်း ၄,၅၀၀ ကျော် အတွက် သန့်စင်သော သောက်သုံးရေကို ထောက်ပံ့နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ အချို့သောဒေသများတွင် ရေရှားပါးပြတ်လပ်မှု (သို့) ရေအရင်းမြစ်လုံလောက်စွာ မရရှိမှုများ စသည့် အခက်အခဲများနှစ်စဉ် ဖြစ်ပွားလျက်ရှိပြီး အထူးသဖြင့် ပူပြင်းသောနွေရာသီတွင် ကျေးလက် ဒေသများ၌ နေထိုင်ကြသူများ၏ ဘဝအသက်ရှင်ရပ်တည်ရေးအတွက် အဓိက အဟန့်အတားဖြစ်စေသည့် အကြောင်းအရင်းတစ်ခုလည်းဖြစ်သည်။ အနီးအနားရှိ ရေရရှိနိုင်သည့် အရင်းအမြစ်များမှာလည်း ခက်ခဲလှသောကြောင့် ယင်းဒေသရှိ အချို့သောမိသားစုများမှာ ခြောက်သွေ့သော ကာလအတွင်း ရေသိုလှောင်ခြင်းနှင့် သုံးစွဲခြင်းတို့ကိုဆောင်ရွက်နိုင်ရန်အတွက် ကြိုတင် စီစဉ်မှုကိုလည်း တာဝန်တစ်ခုအဖြစ် ဆောင်ရွက် နေကြရပါသည်။ ယခု MPT ၏ အစီအစဉ်ဖြင့် စက်ရေ တွင်းနှင့် မြေသားရေကန်ပေါင်း ၂၅ ခု ကို ဆောက်လုပ်လှူဒါန်းပေးနိုင်ခဲ့ရာ လူဦးရေ ၅၀,၀၀၀ ခန့်နှင့် ၎င်းဒေသနှင့် ဆက်စပ်လျက်ရှိသည့် ကျေးရွာများအတွက် သန့်ရှင်းသောရေကို ရယူအသုံးပြုနိုင်နေပြီ ဖြစ်သည်။ ရေတွင်း တူးဖော်ရန် လိုအပ်သည့် လုပ်ငန်းစဉ်နည်းလမ်းများနှင့် ကုန်ကျစရိတ်မြင့်မားမှုကြောင့် ယင်းဒေသများတွင် မြေအောက်မှ ရေကို ထုတ်ယူသုံးစွဲရန် အခက်အခဲရှိခဲ့သော်လည်း MPT နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းမှု ကြောင့် ဒေသခံပြည်သူများ၏ အဓိကမျှော်လင့်ချက်နှင့် အရေးကြီးဆုံးသော အရင်းအမြစ်ကို ထောက်ပံ့ပေးနိုင်ခဲ့ ပြီလည်းဖြစ်ပါသည်။

အသစ်စတင်လိုက်သည့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများမှာ ဆောင်ရွက်နေပြီဖြစ်ပြီး အောက်ဖော်ပြပါ နေရာများတွင် ယခုနှစ် မတ်လအတွင်း အပြီးသတ် တည်ဆောက် ဆောင်ရွက်သွားမည်ဖြစ်သည်။
စဉ် တိုင်း မြို့နယ် ကျေးရွာ
၁. မန္တလေး မြင်းခြံ ကန်နီ/ဒူလဘို
၂ မန္တလေး ညောင်ဦး ရွာပုလဲ
၃ မကွေး ရေနံချောင်း သစ်မြင့်တော
၄ မကွေး ချောက် မြေပဒုံ
၅ စစ်ကိုင်း မုံရွာ ပေါက်ငယ်တော

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshiaki Benino က “MPT အနေနဲ့ လူမှုအဖွဲ့အစည်းရဲ့ နေ့စဉ်ဘဝမှာ သန့်ရှင်းတဲ့ သောက်သုံးရေကို စိတ်ချလက်ချနဲ့ အဆင်ပြေပြေ ရရှိနိုင်စေဖို့အတွက် “သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်”ကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ဘဝမှာ သိသာတဲ့ ပြောင်းလဲမှုကို ဖြစ်စေမှာဖြစ်ပါတယ်။ ရေရဖို့ကို တစ်နေရာကနေတစ်နေရာ အဝေးကြီးသွားလာ ကြရတဲ့ နှစ်ရှည်လများ ရေပြတ်လတ်မှုဒဏ်ကို ခံစားနေကြရသူ ဒေသခံတွေအတွက် ကျွန်တော်တို့ရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေဖြစ်တဲ့ NAG နဲ့ BAJ တို့နဲ့အတူတူ ဆက်လက် လက်တွဲပြီး သန့်စင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရေအရင်းမြစ်ကို သူတို့ လိုအပ်သလောက်ရရှိစေဖို့ ရေရှည်တည်တံ့စေမယ့် နည်းလမ်းတွေနဲ့အတူ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ သန့်စင်တဲ့ရေဟာ သူတို့ရဲ့တစ်ကိုယ်ရည်သန့်ရှင်းရေး အတွက်ကိုသာမက ကျန်းမာရေးအတွက်ကိုလည်း များစွာအကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ ဒီထောက်ပံ့ကူညီမှုဟာ ကျွန်တော်တို့ရဲ့ “နှလုံးသားထဲကမြန်မာ” ဆောင်ပုဒ်အောက်ကနေ လူမှုအကျိုးပြုလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်တဲ့ လုပ်ငန်းတစ်ခု အဖြစ်သာမက ကျေးလက်နေပြည်သူတွေရဲ့ ဘဝနေထိုင်မှုအပြောင်းအလဲအတွက် များစွာ အရေးပါပြီး အပြုသဘောဆောင်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေမှာလည်းဖြစ်ပါတယ်” ဟုပြော ကြားသည်။

Network Activities Group ၏ စီအီးအိုဖြစ်သူ ဦးဘော်ဘီက “ဒီနှစ်ဟာဆိုရင် MPT နဲ့ BAJ တို့အတူ လက် တွဲပြီး ရေရှားပါးပြတ်လပ်တဲ့ဒေသက ပြည်သူတွေအတွက် သန့်ရှင်းတဲ့ သောက်သုံးရေရရှိစေရေး ဆောင်ရွက်ခဲ့တာဟာ သုံးနှစ်မြောက် အချိန်ကာလထဲကို ဝင်ရောက် လာပါပြီ။ အခုလို သန့်ရှင်းပြည့်ဖြိုးရေအကျိုး အစီအစဉ် ကနေကတစ်ဆင့် ကျွန်တော်တို့က သူတို့ဘဝတွေအတွက် ခွန်အားဖြည့် မြှင့်တင်ဆောင်ရွက် ပေးနိုင်ခဲ့သလို ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်များထဲ က စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်တိုင် နံပါတ် ၆ အရ ရေနှင့်သန့်ရှင်းမှု ဖြစ်စေမယ့်အထောက်အပံ့ကိုလည်း ဒီအစီအစဉ်က တစ်ဆင့် ပံ့ပိုးလုပ်ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ၂၀၁၇ခုနှစ်မှာဆိုရင် ကျေးရွာပေါင်း ၁၃ရွာ (အိမ်ခြေပေါင်း ၈,၄၀၀ ကျော်နဲ့ လူဦးရေ ၃၈,၀၀၀နီးပါး) နဲ့ ၂၀၁၈ခုနှစ်မှာဆိုရင်လည်း ကျေးရွာပေါင်း ၁၃ ရွာ (အိမ်ခြေပေါင်း ၂,၀၀၀ နီးပါးနဲ့ လူဦးရေ ၈,၄၀၀) ကို သန့်စင်တဲ့ရေရရှိဖို့ MPT ရဲ့ အထောက်အပံ့နဲ့အတူ လုပ်ဆောင် ပေးနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့အနေနဲ့ကတော့ ကျေးရွာရဲ့ ရေထိန်းသိမ်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်တွေနဲ့ အမြဲတမ်းဆက် သွယ်ပြီး သူတို့အတွက် အခက်အခဲနဲ့ကြုံတာမျိုး၊ လိုအပ်ချက်တစ်စုံတစ်ရာ ထပ်ရှိတာမျိုးတွေကို ဖြည့်ဆည်းပေး နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။ ဒီနေရာမှာ MPT ရဲ့ ကူညီထောက်ပံ့မှုသာ မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့အနေနဲ့လည်း ဒီအခက်အခဲကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး” ဟုပြောကြားသည်။

BAJ မြန်မာ၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Akiko Mori က “သေရေးရှင်ရေးကိစ္စကြီးမဟုတ်ဘူးဆိုရင်တောင် နိစ္စဓူဝလုပ်ဆောင်နေကြရတဲ့ ဟင်းချက်တာ၊ သန့်ရှင်းရေးလုပ်တာ၊ မွေးမြူရေးကဏ္ဍအတွက် အစာကျွေးတာ စတဲ့ ကိစ္စတွေအတွက် သန့်ရှင်းတဲ့ရေမရရှိနိုင်တဲ့အခါ စိတ်သောကရောက်ရကြရတယ်ဆိုတာ ကျွန်မတို့အနေနဲ့ နားလည်ပြီးသားဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီအစီအစဉ်ကို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ စတင်အကောင် အထည်ဖော်ပြီး လည်ပတ်ဆောင်ရွက်ချိန်ကစလို့ အဲ့ဒီဒေသက လူတွေဟာ သန့်ရှင်းတဲ့ရေ ရဖို့ ဝေးဝေးလံလံတွေကိုသွားပြီး ရေခပ်နေစရာမလိုတော့ဘဲ သူတို့ဘဝတွေအတွက် ပိုကောင်းတဲ့ အနေအထားတစ်ခုကို ရရှိပိုင်ဆိုင် သွားကြပါပြီ။ ဒါကိုကြည့်မယ်ဆိုရင် ကျွန်မတို့ လူနေမှုပတ်ဝန်းကျင်အတွက် ရေရှည်တည်တံ့ပြီး အကျိုးဖြစ်ထွန်း စေတဲ့ အစီအစဉ်တစ်ခုဆိုတာတွေ့မြင်နိုင်သလို ဒီလိုအစီအစဉ်မျိုးမှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း ကျွန်မတို့အနေ နဲ့ များစွာဂုဏ်ယူပါတယ်။” ဟုပြောကြားသည်။

အောက်ပါဒေသများမှာ ပြီးခဲ့သည့်နှစ်များတွင် စက်ရေတွင်းတူးဖော်လှူဒါန်းမှု ဆောင်ရွက်ပြီးစီးခဲ့သည့် နေရာများ ဖြစ်ပြီး အဆိုပါဒေသတွင်းရှိ နေထိုင်သူလူဦးရေပေါင်းများစွာမှာ ၎င်းတို့၏ နေ့စဉ်နေ့ထိုင်လှုပ်ရှားမှုဘဝများ အတွက် စိတ်ချရသည့် သန့်ရှင်းသောရေကို ရယူနိုင်ခဲ့ကြပြီဖြစ်သည်။
စဉ် ဒေသ မြို့နယ် ကျေးရွာ လူဦးရေ မှတ်ချက်
၁။ ဧရာဝတီ ကျောင်းကုန်း အမှတ် ၂ အခြေခံပညာ မူလတန်းကျောင်း ၅၇၈၈ စက်ရေတွင်း
၂။ ပဲခူး (အနောက်) ပေါက်ခေါင်း နွားလန်တောင် ၂၅၇ ရေသွယ်တန်းခြင်း
၃။ မင်းလှ ဆားချောင်းလေး ၃၅၀ စက်ရေတွင်း
၄။ ကရင် ကြာအင်းဆိပ်ကြီး အလယ်တံခွန်တိုင် ၅၀၀၈ စက်ရေတွင်း
၅။ ဘားအံ ဘန်ဘွေးကုန်း ၅၉၀ စက်ရေတွင်း
၆။ မန္တလေး ကျောက်ဆည် ကျောက်ဆောက်ကုန်း ၁၂၂၅ စက်ရေတွင်း
၇။ ကျောက်ပန်းတောင်း အိုင်မ ၅၇၆ စက်ရေတွင်း
၈။ ပျော်ဘွယ် ချိုင် ၄၆၃ စက်ရေတွင်း
၉ ။ ညောင်ဦး လက်ပန်ပင်တဲစု ၁၉၅၇ စက်ရေတွင်း
၁၀။ မကွေး မကွေး ရွာဟောင်းကန် ၁၆၀၂ စက်ရေတွင်း
၁၁။ ချောက် တောင်နောက် (ဂွေးချို) ၁၁၄၆ စက်ရေတွင်း
၁၂။ မကွေး လင့်မြင့် ၁၄၅၀ စက်ရေတွင်း
၁၃။ ဂန့်ဂေါ ပြစ်မ ၁၀၀၆ စက်ရေတွင်း
၁၄။ မွန် သံဖြူဇရပ် ပင ၁၅၀၀၉ စက်ရေတွင်း
၁၅။ မုဒုံ ကျိုက္ကာ ၆၀၅ စက်ရေတွင်း
၁၆။ စစ်ကိုင်း အင်းတော် မဲဇာ (ပိန်းအင်း) ၃၇၈ ရေသွယ်တန်းခြင်း
၁၇။ ကလေး နတ်ချောင်း ၅၆၃၉ စက်ရေတွင်း
၁၈။ ယင်းမာပင် ကြပ် ၅၆၀ စက်ရေတွင်း
၁၉။ မုံရွာ သာယာစု ၄၄၇ စက်ရေတွင်း
၂၀။ ရန်ကုန် ကျောက်တန်း သနပ်ပင် ၅၃၄ မြေသားကန်
၂၁။ ကျောက်တန်း သုခအောင် ၂၇၀ မြေသားကန်
၂၂။ ခရမ်း ဘိုကလေး ၁၂၀၀ ရေလှောင်ကန်ကာရံခြင်း
၂၃။ ခရမ်း ညောင်ပင်ကြီးတဲစု ၄၀၀ မြေသားကန်
၂၄။ ကွမ်းခြံကုန်း ကုလားပင်သောင်း ၂၅၀ မြေသားကန်
၂၅။ ကွမ်းခြံကုန်း ကန်ဝိုင်း ၃၃၄ မြေသားကန်
စက်ရေတွင်းတူးဖော်လှူဒါန်းမှုများနှင့် MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများအကြောင်း ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆိုခြင်း (သို့) MPT ၏ တရားဝင်ဝက်ဘ်ဆိုက် www.mpt.com.mm နှင့် တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ www.facebook.com/mptofficialpage သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

best operator in Myanmar