blank

MPT မှ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ကြိုဆိုသည့်အနေဖြင့် နိုင်ငံတစ်ဝှမ်း လှူဒါန်းမှုများ ပြုလုပ်သွားမည်

Published 05 Apr 2017

(ရန်ကုန် ၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၅ ရက်) – မြန်မာတို့၏ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းသည့် အခါသမယတွင် MPT သည် မြန်မာပြည်သူပြည်သားများနှင့် တစ်သားတည်းဖြစ်ကြောင်း ပြသသည့် အနေဖြင့် မြန်မာ့ရိုးရာဓလေ့နှင့်အညီ နိုင်ငံတစ်ဝှမ်း၌ လိုအပ်နေသောနေရာများတွင် လှူဒါန်းမှုများကို ပြုလုပ်နေပြီ ဖြစ်ပါသည်။

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်လှူဒါန်းမှုများတွင် MPT ၏ အကြီးတန်းစီမံခန့်ခွဲရေးအရာရှိများမှ အစ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ MPT ၀န်ထမ်းများအဆုံး ပါဝင်အားဖြည့်ကာ မြန်မာတစ်နိုင်ငံလုံးတွင် လှူဒါန်းမှုပေါင်း ၃၀ ကျော်ကို ပြုလုပ်သွားမည် ဖြစ်ပါသည်။ MPT မှ မြန်မာကျပ်ငွေ သိန်းပေါင်း ၂,၀၀၀ ကို သုံးစွဲကာ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးအဖွဲ့အစည်းများ၊ မိဘမဲ့ဂေဟာများ၊ ဆေးရုံဆေးခန်းများနှင့် ဘိုးဘွားရိပ်သာများအပါအဝင် လူမှုအကျိုးပြုအဖွဲ့အစည်းများသို့ ကျယ်ကျယ်ပြန့်ပြန့် လိုက်လံလှူဒါန်းနေခြင်းဖြစ်ပါသည်။

ထို့အပြင် MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr Toshitake Amamiya နှင့် လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးနိုင်ကိုကိုတို့မှလည်း ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့အနီးမှ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ သွားရောက်ကာ ဘုန်းတော်ကြီးကျောင်းရှိ မိဘမဲ့ ကလေးသူငယ်များအတွက် လှူဒါန်းမှုတစ်ခုကိုလည်း ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါလှူဒါန်းမှုနှင့် အခြားသောဒေသများတွင်ပြုလုပ်သည့် အလှူဒါနများအပြင် MPT အနေဖြင့် မြန်မာ့ရိုးရာ သင်္ကြန်ဓလေ့ လှုပ်ရှားမှုများကို နေရာအနှံ့အပြား၌ ယခုအပတ်အတွင်း ဆက်တိုက်ပြုလုပ်လျက်ရှိပါသည်။ မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာကောင်းများကို ပြန်ပြောင်းအောက်မေ့ကာ အရှည်သဖြင့် ဆက်လက်တည်မြဲစေရေး ထိန်းသိမ်းရမည့် အချိန်အခါကောင်းတစ်ခုဖြစ်သည်နှင့်အညီ MPT ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရုံးအဖွဲ့များအနေဖြင့်လည်း နေရာအသီးသီးသို့ သွားရောက်ကာ သင်္ကြန်ချိန်ခါ ရိုးရာဓလေ့များဖြစ်သည့် သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ လက်သည်းခြေသည်းညှပ်ပေးခြင်း၊ စတုဒိသာကျွေးမွေးခြင်းများကိုလည်း ပြုလုပ်သွားမည် ဖြစ်ပါသည်။

ထို့အပြင် MPT ၏ လိုတရ စေတနာကမ်းလက်များ စာမျက်နှာတွင်ရှိသည့် လူမှုရေးလုပ်ငန်းဆောင်ရွက်နေသော အဖွဲ့အစည်းများသို့ မိဘပြည်သူများက လှူဒါန်းမှုပြုရန်ဆောင်ရွက်ပေးသည့် အစီအစဉ်တွင် ပါဝင်သော အဖွဲ့အစည်း (၁၀) ခုသို့လည်း ၎င်းတို့၏ စီမံချက်များတွင်အသုံးပြုနိုင်ရန်အတွက် အဖွဲ့အစည်း တစ်ခုချင်းစီသို့ လှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။

Mr. Toshitake Amamiya က “မြန်မာတို့ရဲ့ နှစ်သစ်ကူးကာလဖြစ်တဲ့ သင်္ကြန်ပွဲတော်ကို ကြိုဆိုတဲ့အထိမ်းအမှတ်အနေနဲ့ မြန်မာ့အော်ပရေတာတစ်ခုဖြစ်တဲ့ MPT က အလှူဒါနတွေပြုလုပ်သွားဖို့ သန္ဒိဌာန်ချထားပါတယ်။ ဒီလှူဒါန်းမှု က MPT နဲ့ သုံးစွဲသူများရဲ့ လှူဒါန်းမှုဖြစ်ပြီး ဒီလို ကုသိုလ်ရေးလုပ်ငန်း တွေကို ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အထူးပဲကျေးဇူးတင် ဝမ်းမြောက်မိတဲ့အပြင် လှူဒါန်းမှုကိုလည်း အမျှပေးဝေလိုပါတယ်။ အားလုံးကိုကျေးဇူးတင် ရှိပါတယ်လို့ ပြောကြားရင်း ဘေးအန္တရာယ် ကင်းရှင်းပြီး မင်္ဂလာရှိတဲ့ ပျော်ရွှင်ဖွယ်နှစ်သစ်လေးဖြစ်ကြပါစေလို့ ဆုတောင်းပါတယ် ” ဟု ပြောကြားခဲ့ပါသည်။

အဆိုပါလှူဒါန်းမှုသည် MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။ MPT အနေဖြင့် ပညာရေး၊ ဆက်သွယ်ရေး အစရှိသည်တို့နှင့် ဆက်စပ်သော အကျိူးပြုလုပ်ငန်းအစီအစဉ်များအပြင် မကြာသေးမီကလည်း MPT သည် မြန်မာနိုင်ငံတစ်ဝှမ်းမှ ကျေးလက်ဒေသများ၌ အရှည်သဖြင့် ရေပုံမှန်ရရှိရေး အတွက် စက်ရေတွင်းများကို တူးဖော်ဖွင့်လှစ်ပေးခဲ့ပါသည်။ အလားတူပင် အပူချိန်ပြင်းထန်၍ သောက်သုံးရေ အခက်အခဲဖြစ်နေသည့် အရေးတကြီးလိုအပ်နေသော နေရာများသို့လည်း MPT အနေဖြင့် သွားရောက်ကာ လှူဒါန်းမှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

MPT သည် သင်္ကြန်အလှူဒါနလှုပ်ရှားမှုများကို ယခုအပတ်အတွင်း ဆောင်ရွက်လျက်ရှိပါသည်။ မြန်နိုင်ငံအနှ့ံရှိ မိဘများအားလုံးအတွက် ပျော်ရွှင်ဖွယ်နှစ်သစ်ကူးဖြစ်ပြီး သင်္ကြန်အားလပ်ရက်များအတွင်း စိတ်လက်အပန်းဖြေ အနားယူနိုင်ကြပါစေဟုလည်း MPT မှ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

best operator in Myanmar