pr-mm-desktop

MPT မှ ဆက်သွယ်ရေးကွန်ရက်များတိုးချဲ့ခြင်းဖြင့် အများပြည်သူတို့အတွက် ပိုမိုကောင်းမွန်သော ချိတ်ဆက်မှုများ ပံ့ပိုးဆောင်ရွက်လျက်ရှိ

Published 14 Jul 2026

[ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်] – မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများ စဉ်ဆက်မပြတ် ချိတ်ဆက်နိုင်စေရန်ဆိုသည့် ကတိကဝတ်ဖြင့် MPT သည် ၎င်း၏ မိုဘိုင်းကွန်ရက်ကို ထပ်မံတိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း ယနေ့ထုတ်ပြန် ကြေညာ လိုက်ပါသည်။ MPT သည် မိုဘိုင်းစခန်း အသစ် (၂၇) ခု ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ပြီး လက်ရှိ မိုဘိုင်းစခန်း (၉)ခု၌  မြန်နှုန်းမြင့် 4G LTE စနစ်သို့ အဆင့်မြှင့်တင်ခြင်းဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ် (၈) ခုရှိ သုံးစွဲသူများ နှင့် စီးပွားရေးလုပ်ငန်းများ အတွက် ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြုနိုင်ကာ ယနေ့ခေတ် ဒီဂျစ်တယ်လူနေမှုဘဝ၏ အကျိုးကျေးဇူးများကို ပိုမိုလွယ်ကူစွာ ခံစားနိုင်မည်ဖြစ်ပါသည်။

ယနေ့ခေတ်တွင် ယုံကြည်စိတ်ချရသော မိုဘိုင်းကွန်ရက်သည် ဒစ်ဂျစ်တယ်ပညာရေး၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းများနှင့် မိသားစု၊ မိတ်ဆွေများနှင့် အချိန်မရွေး ဆက်သွယ်နိုင်ရန်အတွက် အရေးကြီးသော အခြေခံလိုအပ်ချက်တစ်ခု ဖြစ်လာပါသည်။ MPT ၏ ယခုကွန်ရက်တိုးချဲ့မှုသည် ယခင်က ကွန်ရက်လွှမ်းခြုံမှု အားနည်းခဲ့သည့် ဒေသများကို အဓိကထားဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းဒေသများတွင်နေထိုင်ကြသည့် ကျေးလက်နေပြည်သူများ၊ တောင်သူ လယ်သမားများအနေဖြင့် မြို့ပြနဲ့ကမ္ဘာအနှံ့ကို အချိန်နဲ့ တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်လာနိုင်ပြီဖြစ်ပြီး ဈေးကွက် သတင်းအချက်အလက်များကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်ပါသည်။ ကျောင်းသားများအနေနဲ့ ပညာရေးဆိုင်ရာ အချက်အလက်များကို အလွယ်တကူရှာဖွေလေ့လာနိုင်မည်ဖြစ်ပြီး အသေးစား၊ အလတ်စား လုပ်ငန်းရှင်များအနေနဲ့လည်း ဒီဂျစ်တယ်နည်းပညာကိုသုံးပြီး မိမိတို့၏ ထုတ်ကုန်များကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ဖြူးရောင်းချလာနိုင်မည် ဖြစ်ပါသည်။ ယခုကွန်ရက်တိုးချဲ့မှုမှတစ်ဆင့် MPT သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် ဒီဂျစ်တယ်ဝန်ဆောင်မှုများကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်စေရန် ပံ့ပိုးပေးပြီး လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်အားဖြည့် ပေးလျက် ရှိပါသည်။

ယခုကွန်ရက်တိုးချဲ့မှုအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တို့တွင် မိုဘိုင်းစခန်းအသစ် (၂၇) ခုကို တည်ဆောက်ခဲ့ပါသည်။ ထို့အပြင် မကွေးတိုင်းဒေသကြီးရှိ လက်ရှိမိုဘိုင်းစခန်း (၉) ခုကိုလည်း မြန်နှုန်းမြင့် 4G LTE ဝန်ဆောင်မှုသို့ အဆင့်မြှင့်တင်ခဲ့ပြီး ဒေသခံပြည်သူများအတွက် ပိုမိုမြန်ဆန်ပြီး အရည်အသွေးမြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုကို ပံ့ပိုးပေးနိုင်ခဲ့ပါသည်။

ယခုကွန်ရက်တိုးချဲ့မှု အထိမ်းအမှတ်အဖြစ် MPT သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဂွေးပင်ရိုးရွာရှိ အသစ်တည်ဆောက်ပြီးစီးသော ကွန်ရက်စခန်းဖွင့်ပွဲ အခမ်းအနားကို ဒေသခံပြည်သူများနှင့်အတူ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ကျန်ရှိသည့် မိုဘိုင်းစခန်းများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် ပိုမိုကောင်းမွန်သော ကွန်ရက်ဝန်ဆောင်မှုများကို အမြန်ဆုံး အသုံးပြုနိုင်မည်ဖြစ်ပါသည်။

MPTJO ၏ နည်းပညာဌာနကြီးမှ Mr. Minoru NAGATA က “ဒီနေ့ခတ်မှာ တယ်လီကွန်းဆက်သွယ်ရေးက မရှိမဖြစ် လိုအပ်လာသလို မိုဘိုင်းအင်တာနက် အသုံးပြုမှု တိုးတက်လာတာနဲ့အမျှ ကွန်ရက်လွှမ်းခြုံမှု အားနည်းနေတဲ့ ဒေသတွေမှာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ တိုးချဲ့ပေးဖို့ ကျွန်တော်တို့အနေနဲ့ အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပါတယ်။ ယခုလို မိုဘိုင်းစခန်းအသစ် (၂၇) ခု တည်ဆောက်ဖွင့်လှစ်ပြီး လက်ရှိ မိုဘိုင်းစခန်း (၉) ခုကို 4G LTE စနစ် အဆင့်မြှင့်တင်ခြင်းဖြင့် ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေ ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုနဲ့ ဝန်ဆောင်မှုတွေရရှိစေဖို့ အလေးထား ဆောင်ရွက်ပေးနေပါတယ်။ အခုလို စဉ်ဆက်မပြတ် ကွန်ရက်အဆင့်မြှင့်တင်မှုက တစ်ဆင့် MPT အနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်းအတွက် ယုံကြည်စိတ်ချရတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ရုံသာမက လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ဖို့ ကတိကဝတ်ပြု ဆောင်ရွက်နေပါတယ်။” ဟု MPT ၏ တိုးတက်မှုနှင့် သုံးစွဲသူများအပေါ် အလေးထားဆောင်ရွက်ပေးတို့အကြား ဟန်ချက်ညီမှုကို ဖော်ပြခဲ့ပါသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် MPT 4G/LTE ဝန်ဆောင်မှုကို စတင်ခဲ့ပြီးနောက် MPT သည် ပြည်သူများ အဆင့်မြင့် မိုဘိုင်းနည်းပညာများ  အသုံးပြုလာစေရန် လျင်မြန်စွာ အရှိန်မြှင့်တင်ပေးခဲ့ပါသည်။ ယနေ့အထိ MPT ၏ အကြီးမားဆုံးသော 4G/LTE ကွန်ရက်သည် မြို့နယ်ပေါင်း ၃၀၀ ကျော်တွင် ကွန်ရက်လွှမ်းခြုံထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ ၉၆% ကို လွှမ်းခြုံထားပြီး ဖြစ်ပါတယ်။ MPT အနေဖြင့် အစဉ်တစိုက် ယုံကြည်အားပေးလာကြသော သုံးစွဲသူများအား အထူးကျေးဇူးတင်ရှိပါသည်။ MPT သည် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်နေရုံသာမက ပြည်သူများ၏ ဒီဂျစ်တယ်ဘဝ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဆန်းသစ်တီထွင်မှုများကို ဆက်စဉ်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

MPT ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက် ဖြစ်သော www.mpt.com.mmသို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar