pr-mm-desktop

MPT က ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်ရေးကို မြှင့်တင်ရန်အတွက် (၇) ကြိမ်မြောက် “TeamFit: Unite & Move” ယောဂကျန်းမာရေးလှုပ်ရှားမှုကို ပုံမှန်ကျင်းပ

Published 24 Jul 2026

[ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်] – MPT သည် ကျန်းမာလှပပြီး လုပ်ငန်းခွင်နှင့် ဘဝ ဟန်ချက်ညီမှုကို မြှင့်တင်ပေးသည့် ကျန်းမာရေးလှုပ်ရှားမှု အစီအစဉ်များကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများ၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို ပိုမိုအားကောင်းစေရန် စဉ်ဆက်မပြတ် ဆောက်ရွက်ပေးလျက်ရှိပါသည်။ ယနေ့တွင် နိုင်ငံတစ်ဝန်းမှ ဝန်ထမ်းပေါင်း  (၃၅၀) ကျော် ပါဝင်သည့် MPT ၏ (၇) ကြိမ်မြောက် “TeamFit: Unite & Move” ယောဂကျန်းမာရေးလှုပ်ရှားမှုအား လူကိုယ်တိုင် နှင့် အွန်လိုင်းမှတစ်ဆင့် ပါဝင်နိုင်သည့် ပုံစံဖြင့် နိုင်ငံတစ်ဝန်းတွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။ အဆိုပါ လှုပ်ရှားမှုတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း သင်တန်းကျောင်းတွင် ဝန်ထမ်း (၅၀) ဦး လူကိုယ်တိုင် ပါဝင်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ထမ်း (၃၀၀) ကျော်ကလည်း အွန်လိုင်းမှတစ်ဆင့် စိတ်အားထက်သန်စွာ ပါဝင်ခဲ့ကြပါသည်။

MPT က ပုံမှန် ပြုလုပ်ပေးလျက်ရှိသော ယောဂကျန်းမာရေးလှုပ်ရှားမှုများသည် ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်မှုအလိုက် စနစ်တကျ လမ်းညွှန်ပေးသော ယောဂလေ့ကျင့်မှုဖြင့် ၎င်းတို့၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်မှု ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ စိတ်ငြိမ်းချမ်းမှုရရှိစေခြင်း၊ စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်ခြင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အထကောင်းများကို မြှင့်တင်ပေးခြင်းဖြင့် ကျန်းမာတက်ကြွသည့် လုပ်ငန်းခွင်တစ်ခု ဖန်တီးပေးရန်ဆိုသည့် MPT ၏ အစဉ်တစိုက် အလေးထားဆောင်ရွက်မှုကို ပေါ်လွင်စေပါသည်။

MPT အနေဖြင့် ဝန်ထမ်းများ အတူတကွ ပူးပေါင်းပါဝင်နိုင်မည့် “ TeamFit: Unite & Move” အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝနှင့် အသင်းအဖွဲ့စိတ်ဓာတ် ပိုမိုအားကောင်းလာစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဆိုင်ရာ လှုပ်ရှားမှုများကို ပုံမှန် ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။ ထို့အပြင် ဝန်ထမ်းအချင်းချင်း ချိတ်ဆက်မှုရှိပြီး အပြုသဘောဆောင်သည့် လုပ်ငန်းခွင်ယဉ်ကျေးမှုကိုလည်း စဉ်ဆက်မပြတ် ဖန်တီးပေးသွားမည် ဖြစ်ပါသည်။

MPTJO ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Hiroyuki OKAI က “လူကိုယ်တိုင်ရော အွန်လိုင်းကနေပါ ဝန်ထမ်းပေါင်း (၃၅၀) ကျော် တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ (၇) ကြိမ်မြောက် “TeamFit: Unite & Move” ယောဂကျန်းမာရေး လှုပ်ရှားမှုကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းမြောက်မိပါတယ်။ ဒီလအစောပိုင်းမှာ တတိယအကြိမ်မြောက် “TeamFit: Unite & Move” ဖူဆယ်ဘောလုံးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးနောက် ဝန်ထမ်းတွေရဲ့ ကျန်းမာကြံ့ခိုင်ရေးနဲ့ ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကို မြှင့်တင်ပေးဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို အလေးထားတဲ့ အနေနဲ့ အခုလို ယောဂကျန်းမာရေးလှုပ်ရှားမှုကို ပုံမှန်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ပထမဦးဆုံး ယောဂအစီအစဉ် စတင်ခဲ့တဲ့အချိန်ကနေ ဒီနေ့အထိ ဝန်ထမ်းတွေရဲ့ စိတ်အားထက်သန်မှုနဲ့ ပူးပေါင်းပါဝင်မှုတွေ တစ်ဖြည်းဖြည်း တိုးတက်လာတာကို တွေ့မြင်ရတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။ ဒီအစီအစဉ်ကနေတစ်ဆင့် ဝန်ထမ်းတွေအနေနဲ့ ပိုမိုကျန်းမာတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ကြရုံတင်သာမက မျှတတဲ့ လုပ်ငန်းခွင်နဲ့ လူမှုဘဝကို ထိန်းသိမ်းနိုင်ဖို့ ဖန်တီးရင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ယောဂကျန်းမာရေးလှုပ်ရှားမှုတွင် ပုံမှန်ပါဝင်သူတစ်ဦးဖြစ်သူ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) မှ မခိုင်မေဇင် က သူမ၏ အတွေ့အကြုံကို ယခုကဲ့သို့ မျှဝေပြောကြားခဲ့ပါသည်။ “ကျွန်မကတော့ MPT ရဲ့ ယောဂကျန်းမာရေးလှုပ်ရှားမှုကို စတင်ခဲ့တဲ့ ပထမဆုံးအကြိမ်ကနေ အခု (၇) ကြိမ်မြောက်အထိ မပျက်မကွက် ပါဝင်ဖြစ်ခဲ့ပါတယ်။ ယောဂရဲ့ အခြေခံ သင်ခန်းစာတွေကနေ စတင်လေ့ကျင့်ခွင့်ရခဲ့တာမို့ ယောဂရဲ့ တန်ဖိုးနဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာစေတဲ့ ကောင်းကျိုးတွေကို ပိုမိုနားလည်သဘောပေါက်ခဲ့ပါတယ်။ ကျွန်မရဲ့ နေ့စဉ်လူမှုဘဝမှာလည်း စိတ်လက်ပေါ့ပါးပြီး အာရုံစူးစိုက်မှု ပိုကောင်းလာသလို ပိုပြီးတော့လည်း တက်ကြွလန်းဆန်းလာပါတယ်။  ဒါ့အပြင် လေ့ကျင့်မှုကို ပိုမိုတိုးတက်ကောင်းမွန်စေဖို့ နည်းပြဆရာမ ဝတ်ရည် ရဲ့ အခမဲ့ အွန်လိုင်းအခြေခံယောဂသင်တန်းကိုလည်း တက်ရောက်နေပါတယ်။ ကျွန်မတို့ဝန်ထမ်းတွေအတွက် လုပ်ငန်းခွင်နဲ့ ဘဝဟန်ချက်ညီပြီး ပိုမိုကျန်းမာပျော်ရွှင်စေဖို့ အခုလို အခွင့်အရေးကောင်းတွေ ဖန်တီးပေးတဲ့ MPT နဲ့ နည်းပြဆရာမ ဝတ်ရည် တို့ကို လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိပါတယ်။”

စစ်မှန်သည့်ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော MPT သည် မြန်မာနိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများ အား ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်နေသည့် အပြင် အမျိုးမျိုးသော လူမှုအကျိုးပြုလုပ်ငန်းများမှတစ်ဆင့် လူမှုအသိုက်အဝန်းကိုလည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပေးလျက်ရှိပါသည်။

MPT ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည့် အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

Memorable Photos of Yoga Activities Across States and Regions

Yoga

best operator in Myanmar