MPT က “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်းသစ်ပင်စိုက်ပျိုးခြင်းအစီအစဉ် မှတစ်ဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၇) ခုတွင် ပျိုးပင်ပေါင်း ၃,၇၇၀ ကျော်ကို အောင်မြင်စွာ စိုက်ပျိုးခဲ့
(ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်) – MPT ၏ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် လူမှုအကျိုးပြု လှုပ်ရှားမှုအစီအစဉ် တစ်စိတ်တစ်ပိုင်း အနေဖြင့် “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်း သစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်ကို ၂၀၂၆ခုနှစ်၊ ဇွန်လ (၁၈) ရက်တွင် အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီး အဆိုပါ အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံမြို့သစ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၇) ခုတွင် တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
MPT ၏ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုအစီအစဉ်သည် ပိုမို စိမ်းလန်းသောပတ်ဝန်းကျင်ကို မြှင့်တင်ရန်၊ လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်ရန်နှင့် ဖန်လုံအိမ် ဓာတ်ငွေ့များ လျှော့ချခြင်းဖြင့် သဘာဝဘေးအန္တရာယ် များနှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို လျှော့ချရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ MPT ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းပေါင်း (၈၀၀) ကျော်တို့ ပူးပေါင်းပါဝင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၇) ခုတွင် ကြီးမြန် သစ်မာပင်၊ အရိပ်ရပင်နှင့် သီးပင်များ အပါအဝင် ပျိုးပင်ပေါင်း(၃,၇၇၀)ကျော်ကို စိုက်ပျိုးခဲ့ကြပါသည်။အဆိုပါ သစ်ပင်များကို ရွေးချယ်ရာတွင် စိုက်ပျိုးရာ ဒေသရှိ အများပြည်သူတို့ အရိပ်ရရှိနိုင်ရန်၊ လေထုအရည်အသွေး မြှင့်တင်ပေးနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အပံ့ ဖြစ်စေနိုင်ရန် စသည့် အကျိုအမြတ်ကောင်းများ ရစေနိုင်ရန် အထူးရည်ရွယ်ပြီး ရွေးချယ် စိုက်ပျိုးခြင်းဖြစ်ပါသည်
MPTJO ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Hiroyuki OKAI, Advisor က ” ကျွန်တော်တို့အနေနဲ့ MPT ရဲ့ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုအစီအစဉ်ကို ၂၀၁၇ ခုနှစ်ကနေ စတင်ခဲ့တာဟာ ခုဆိုရင် (၈) ကြိမ်မြောက်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ အခု ၂၀၂၆ ခုနှစ်မှာ စိုက်ပျိုးတဲ့ ပျိုးပင်ပေါင်း ၃,၇၇၀ ကျော် အပါအဝင် စတင်ခဲ့တဲ့ အချိန်ကစပြီး မြန်မာနိုင်ငံတစ်ဝန်းမှာ သစ်ပင်ပေါင်း ၂၃,၀၀၀ ကျော်ကို စိုက်ပျိုးခဲ့ပြီး ဖြစ်ပါတယ်။ ဒီအစီအစဉ်က သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ လူမှုအသိုက်အဝန်း သာယာဝပြောရေးအတွက် ကျွန်တော်တို့ရဲ့ လေးနက်တဲ့ ကတိကဝတ်ကို ဖော်ပြနေပါတယ်။ ကျွန်တော်တို့အနေဲ့ ဒီလိုအကျိုးသက်ရောက်မှုရှိတဲ့ ဆောင်ရွက်ချက်တွေကတစ်ဆင့် လူမှုအသိုက်အဝန်းကို အထောက်အကူပြုတဲ့ အစီအစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် ဒီဂျစ်တယ်ဝန်ဆောင်မှုများ ပေးအပ်နေသည့် အပြင် နိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်းများအတွက် လူမှုအကျိုးပြုလုပ်ငန်းများမှုများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး နှင့် တစ်နိုင်ငံလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲရေး လုပ်ငန်းအစီအစဉ်များကို အဓိကထား၍ တက်ကြွစွာ ပံ့ပိုး ကူညီလျက်ရှိပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
သစ်ပင်စိုက်ပျိုးပွဲကျင်းပရာနေရာများ၏ အသေးစိတ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။
| စဉ် | တိုင်းဒေသကြီး/ ပြည်နယ် | သစ်ပင်စိုက်ပျိုးမည့် နေရာ | စိုက်ပျိုးသည့်အရေအတွက် |
|---|---|---|---|
| ၁။ | ကချင်ပြည်နယ် | ဆရာအတတ်သင်ကျောင်း၊ ဒူကထောင်ရပ်ကွက်၊ မြစ်ကြီးနားမြို့ | ၇၀ |
| ၂။ | ကယားပြည်နယ် | MPT ရုံးဝင်းအတွင်း၊ လွိုင်ကော်မြို့ | ၁၀၀ |
| ၃။ | ကရင်ပြည်နယ် | ချမ်းသာအေးဘုန်းတော်ကြီးသင်ပညာရေးကျောင်း | ၅၀ |
| ၄။ | မွန်ပြည်နယ် | MPT ရုံးဝင်းအတွင်း၊ မုဒုံမြို့ | ၇၀ |
| ၅။ | ရခိုင်ပြည်နယ် | MPT ရုံးဝင်းအတွင်း၊ စစ်တွေမြို့ | ၅၀ |
| ၆။ | ရှမ်းပြည်နယ်(အရှေ့) | သစ်တစ်ပင်တောင်၊ စွန်မွန်းရပ်၊ ရပ်ကွက်(၁)၊ကျိုင်းတုံမြို့ | ၅၀ |
| ၇။ | ရှမ်းပြည်နယ်(တောင်) | MPT ရုံးဝင်းအတွင်း၊ တောင်ကြီးမြို့ | ၉၀ |
| ၈။ | ရှမ်းပြည်နယ်(မြောက်) | ဂေါက်လေ့ကျင့်ရေးကွင်း၊ ဆင်တောင်၊ လားရှိုးမြို့ | ၃၀၀ |
| ၉။ | နေပြည်တော် | ချောင်းမကြီးဆည်အနီး၊ရွှေနံ့သာရပ်ကွက်အနီး၊ နေပြည်တော် | ၁၀၀ |
| ၁၀။ | ရန်ကုန်တိုင်းဒေသကြီး | ရွှေထုက္ကန်မိုးကုတ်ဓမ္မရိပ်သာကျောင်း၊ ထန်းတပင်မြို့နယ် | ၂၀၀ |
| ၁၁။ | မန္တလေးတိုင်းဒေသကြီး | ရတနာပုံမြို့သစ်၊ ပြင်ဦးလွင်မြိုနယ် | ၂၀၀၀ |
| ၁၂။ | စစ်ကိုင်းတိုင်းဒေသကြီး | သာမဏေကျော်" ဘုန်းကြီးကျောင်း၊ အောင်ချမ်းသာ ရပ်ကွက်၊ မုံရွာမြို့ | ၁၅၀ |
| ၁၃။ | မကွေးတိုင်းဒေသကြီး | လေးထပ်ဘုန်းကြီးကျောင်းဝန်း၊ မကွေးမြို့ | ၁၀၀ |
| ၁၄။ | ပဲခူးတိုင်းဒေသကြီး(အရှေ့) | သဒ္ဓမ္မဂုဏ်ရည်သီလရှင်စာသင်တိုက်၊ ချဥ်စုအထပ်သား စက်ရုံအနီး၊ ဥဿာမြို့သစ်၊ ပဲခူးမြို့ | ၂၇၀ |
| ၁၅။ | ပဲခူးတိုင်းဒေသကြီး(အနောက်) | MPT ရုံးဝင်းအတွင်း၊ ပြည်မြို့ | ၅၀ |
| ၁၆။ | ဧရာဝတီတိုင်းဒေသကြီး | ပုသိမ်တဖက်ကမ်း စိန်ကုန်း-ပုသိမ်ငွေဆောင်လမ်း၊ အမှတ်(၉)နယ်မြေ၊ ပုသိမ်မြို့နယ် | ၁၀၀ |
| ၁၇။ | တနင်္သာရီတိုင်းဒေသကြီး | MPT ရုံးဝင်းအတွင်း၊ ထားဝယ်မြို့ | ၂၀ |
တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၇)ခုတွင် စိုက်ပျိုးခဲ့သည့် ပုံရိပ်များ











