pr-mm-desktop

သက်ဆိုင်ရာ အော်ပရေတာများထံမှ အသိပေးစာတို (SMS) လက်ခံရရှိသူများသည် မှန်ကန်သော အချက်အလက်များဖြင့် ဆင်းကတ်များကို ရက် (၃၀) အတွင်း ပြန်လည်မှတ်ပုံတင်ရန်လိုအပ်မည်

Published 16 Mar 2023

ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ မတ်လ (၁၆) ရက်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်အရ မိမိတို့၏အော်ပရေတာများထံမှ SMS အကြောင်းကြားချက် လက်ခံရရှိသည့် ဆင်းကတ်သုံးစွဲသူများအနေဖြင့် မှန်ကန်သည့် ကိုယ်ပိုင်အချက်အလက်များဖြင့် ဆင်းကတ် ပြန်လည်မှန်ပုံတင်ရန် လိုအပ်မည်ဖြစ်သည်။ ဆင်းကတ်များအား မှန်ကန်စွာ ပြန်လည်ပြင်ဆင် မှတ်ပုံတင်ခြင်း အားဖြင့် သုံးစွဲသူများအတွက် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေခြင်း၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာဖြင့် သုံးစွဲနိုင်ခြင်းတို့နှင့် ပြင်ပလိမ်လည်မှုများ၏ အန္တရာယ်မှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။
ဆင်းကတ်သုံးစွဲသူများအနေဖြင့် မိမိတို့၏အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့် နိုင်ငံသား စိစစ်ရေးကတ်၏ ရှင်းလင်းထင်ရှားသည့် အရှေ့/အနောက် ရောင်စုံဓာတ်ပုံတို့ဖြင့် ဆင်းကတ် စတင်သုံးစွဲချိန်တွင် မှတ်ပုံတင်ရန် လိုအပ်ပါသည်။ ဆင်းကတ်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အချက်အလက်များ နှင့် နှိုင်းယှဉ်စစ်ဆေး၍ အချက်အလက်များ မှန်ကန်ပြည့်စုံစွာ ဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းကတ်များသည် အသိပေးစာတို (SMS) လက်ခံရရှိပြီး ရက်ပေါင်း (၃၀) အတွင်း နိုင်ငံသားစိစစ်ရေးကတ်အတိုင်း ပြန်လည် ပြင်ဆင် မှတ်ပုံတင်ထားခြင်းမရှိပါက One Way Block (အထွက်ခေါ်ဆိုမှု၊ အထွက်စာတိုပေးပို့မှုနှင့် ဒေတာအသုံးပြုမှု ရပ်ဆိုင်းခြင်း) ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုသို့ One Way Block ဆောင်ရွက်ထားချိန်မှစ၍ ရက်ပေါင်း (၉၀) အတွင်း နိုင်ငံသားစိစစ်ရေးကတ် အချက်အလက်အမှန်ဖြင့် ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းမရှိသော ဆင်းကတ်များအား အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာ ထားပါသည်။
မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု သုံးစွဲသူများအားလုံးသည် ၎င်းတို့၏ မိုဘိုင်းနံပါတ်များကိုအသုံးပြု၍ မိမိတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေများအား ဆက်သွယ်ချိတ်ဆက်ထားကြသည့်အတွက် အဆက်အသွယ်ပြတ် တောက်မှု မဖြစ်စေရန်နှင့် အသုံးပြုလျှက်ရှိသည့် မိုဘိုင်းနံပါတ်များ မဆုံးရှုံးစေရန် အရေးကြီးပါသည်။ ဆင်းကတ်များအား ပြန်လည်မှတ်ပုံတင်ရန်လိုအပ်သည့် မိုဘိုင်းဝန်ဆောင်မှုသုံးစွဲသူများအား သက်ဆိုင်ရာအော်ပရေတာအသီးသီးမှ SMS ပေးပို့ အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။ ၎င်း SMS များကို လက်ခံရရှိသူများအနေဖြင့် ဆက်သွယ်ရေးပြတ်တောက်မှု မဖြစ်ပေါ်စေရန် မိမိတို့၏အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်း၍ သတ်မှတ်ထားသည့်ရက် မတိုင်မီ အမြန်ဆုံးပြန်လည်မှန်ပုံတင်ရန် တိုက်တွန်းအကြောင်းကြားအပ်ပါသည်။
ဆင်ကတ်များ မှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်သည် စျေးကွက်အတွင်း ရောင်းချနေသော ဆင်းကတ် များအားလုံးနှင့်သက်ဆိုင်ပြီး အော်ပရေတာအားလုံးအနေဖြင့်လည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။ ဆက်သွယ်ရေးဝန်ဆောင်မှု သုံးစွဲသူများအနေဖြင့်လည်း မည်သည့်နေရာတွင်မဆို ဆင်းကတ်များဝယ်ယူအသုံးပြုရာတွင် မိမိတို့၏ အချက်အလက်များကို မှန်ကန်စွာ ဖြည့်စွက်၍ မှတ်ပုံတင်ပြီး အသုံးပြုကြပါရန် တိုက်တွန်းအပ်ပါသည်။
ဆင်းကတ်သုံးစွဲသူများအနေနှင့် မိမိတို့ လက်ရှိမှတ်ပုံတင်ထားသည့် အချက်အလက်များဖြစ်သည့် အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်အမှတ်တို့ မှန်၊ မမှန်ကို စစ်ဆေး သိရှိနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အတွက် *601# ၊ ATOM အတွက်*766# (သို့) *979*3*3# ၊ အူရီဒူးအတွက် *666# ၊ Mytel အတွက် *96662# ကိုရွေးချယ် ခေါ်ဆို၍ ကြည့်ရှုစစ်ဆေးနိုင်ပါသည်။ အလားတူပင် ဆင်းကတ် ပြန်လည်ပြင်ဆင် မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ တရားဝင်ဝဘ်ဆိုဒ်၊ အက်ပလီကေးရှင်းနှင့် သက်ဆိုင်ရာ အရောင်းဆိုင်များတွင်လည်း ဆောင်ရွက်နိုင်ပါသည်။

MPT
Email: [email protected]
Website: www.mpt.com.mm

best operator in Myanmar